မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး ဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်နိုင်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရကပြောသည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှု၊ တောင်ပြိုမှု၊ လေပြင်းတိုက်ခတ်မှု အစရှိသည့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏမှာ များပြားလွန်းပြီးပြန်လည်ထူထောင်ရေး လုပ်မည့်အပိုင်းတွင်လည်းကုန်ကျစရိတ် များပြားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

“ပြန်လည်ထူထောင်ရေးအတွက် အဓိက လိုအပ်တာကဘဏ္ဍာရန်ပုံငွေပဲ ဘဏ္ဍာရန်ပုံငွေများများရှိဖို့လိုတယ်။ ဥပမာ အဆောက်အဦးတစ်ခုက သဘာဝဘေးကြောင့်သိန်း ၁၀၀ ပျက်စီးဆုံးရှုံးသွားတယ်၊ ဒါကိုပြန်ဆောက်တဲ့အခါ သဘာဝဘေးဒဏ်ခံနိုင်ဖို့ အခိုင်အမာလုပ်ရမယ်။ နည်းပညာအပိုင်းတွေနဲ့ဆိုတော့ သိန်း ၁၀၀ နဲ့ မရ တော့ဘူး။ သိန်း ၁၅၀ ကုန်ချင်ကုန်မယ်။ သိန်း ၂၀၀ ကုန်ချင် ကုန်မယ်။ ပြန်လည်ထူထောင်ရေးလုပ်မယ့်အပိုင်းကတော့ လတ်တလော ဘဏ္ဍာရန်ပုံငွေ အဓိကလိုအပ်တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးမြင့်သန်းဝင်းကပြောသည်။

ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျမည့် ကုန်ကျစရိတ်ဘတ်ဂျက်များပြားသည့်အတွက် လတ်တလောတွင် ဘတ်ဂျက်ပမာဏကို ခန့်မှန်းပြောဆိုရန် ခက်ခဲနေသေးသည်
ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

သဘာဝဘေးဒဏ်ကြောင့် ပြည်နယ်တစ်ခုလုံးတွင် နောက်ဆုံး ကောက်ခံရရှိထားသည့်စာရင်းအရပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၃ ဘီလီယံကျော် ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် ဖွင့်လှစ်ထားသည့် သဘာဝဘေးကွပ်ကဲရေးရုံးသို့ အလှူရှင်တို့မှ လာရောက်လှူဒါန်းထားသည့် ငွေပမာဏသည် သြဂုတ် ၂၈ ရက်နေ့ထိစာရင်း
အရ ကျပ် ၁.၅ ဘီလီယံခန့် ရရှိထားသည်ဟု အဆိုပါသဘာဝဘေးကွပ်ကဲရေးရုံး၏ မှတ်တမ်းများနှင့် တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

“ပြန်လည် ထူထောင်ဖို့အတွက် အများကြီးလိုပါသေးတယ်။ အဲဒါကို သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ ကြီးကြပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူတွေ၊ ပြည်သူတွေ၊ NGOs, INGOs အဖွဲ့အစည်းတွေ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အလှူရှင်တွေရဲ့ အားတွေနဲ့ အစိုးရရဲ့ ထောက်ပံ့မှုအားတွေနဲ့အမြန်ဆုံး အကောင် အထည်ဖော်နိုင်အောင် စီမံဆောင်ရွက်နေတယ်” ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ အနေ ဖြင့် ြ ပန်လည်ထူထောင်ရေးကို ရေရှည်နှင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် အပိုင်း ၂ ပိုင်း ခွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း လက်ရှိတွင် လတ်တလောဖြေရှင်းဆောင်ရမည့်အပိုင်းများဖြစ်သည့် သန့်ရှင်းရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းများအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့နိုင်ရေး ဆောက်ရွက်လျက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

ရေရှည်ဖြေရှင်းဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးအပိုင်းများနှင့် ပတ်သက်၍ အချိန်ယူရမည် ဖြစ်ကြောင်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

မွန်ပြည်နယ်အတွင်း သြဂုတ်လ ပထမအပတ်အတွင်းက ရေကြီးရေလျှံမှုများကြောင့် ကျိုက်မရောမြို့နယ်အတွင်း က ရပ်ကွက်/ကျေးရွာပေါင်း ၃၁ခု ရေနစ်မြှုပ်ခဲ့ပြီးလူဦးရေ ၅၅၀၀၀ ကျော် ရေဘေးသင့်ခဲ့ရသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံနှင့် ကျိုက်မရောတို့တွင် ရေကြီးနစ်မြုပ်မှုများကြောင့် လူသိန်းနှင့်ချီ ရေဘေးသင့်ခဲ့ရပြီး လူဦးရေ ၃ သောင်းခန့် ရေဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြရသည်။

ထို့အပြင် ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်ထဲက စာသင်ကျောင်း ၃၀၀ ခန့်ကလည်း အဆိုပါ ရေကြီးမှုများကြောင့် ရက်သတ္တပတ် ၃ ပတ် ကျော်ပိတ်ထားခဲ့ရသည်။

သတင်းနှင့်မီဒီယာကွန်ရက်

Leave a Reply