မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ကျောင်းတွင် မွန်သီချင်းဆိုပြိုင်ပွဲ ဆန်ကာတင်ခုနှစ်ဦးကို နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲအခန်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပခဲ့ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် နိုင်ဟောင်ချမ်းက ပြောသည်။

mon song elct

ပြိုင်ပွဲဝင်ခုနှစ်ဦးတွင် ပထမဆုကို မိနီလာနွန်၊ ဒုတိယဆုကို မင်းပိုင်းဂျီ (မာံပေင်ဂျီ) နှင့် တတိယဆုကို မိစဂျင်းမော် (မိသဇင်မောဝ်) တို့ရရှိခဲ့ပြီး နှစ်သိမ့်ဆုများကို မိဧကရီမွန်၊ မင်းဖိုင်ရော် (မာံဘိုင်ရီု)၊ မင်းမနိက်ချမ်းနှင့် မင်းချုးတလတို့က ရရှိခဲ့ကြကြောင်း ၎င်းက ဆိုသည်။
“အရမ်းပျော်ပါတယ် ပထမဆု ရမယ်လို့ မထင်ထားဘူး၊ သီချင်းရဲ့ နာမည်ကတော့ (က္လင်ကေတ်) ‘ပြန်ယူ’၊ ကျွန်မတို့ မွန်လူမျိုးတွေ အားလုံးအတွက် တိုက်တွန်း နှိုးဆော်ချင်တဲ့စိတ်နဲ့ အဲ့သီချင်းကို ဆိုခဲ့တာပါ”ဟု ပထမဆု ဆွတ်ခူးရရှိသူ မိနီလာနွန်က ရှင်းပြသည်။

ယင်းဆုများကို Sponsor အနေဖြင့် Monland (တိဍာ်မန်)၊ အိုင်းမွန်၊ Happy Mon မူပိုင်၊ Myanmar Lighting၊ ရာမာန်၊ ရာမညဟိုတယ်တို့က ချီးမြှင့်ပေးခဲ့ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

ဆုရရှိသူများကို မွန်ဂီတအဖွဲ့များနှင့် မွန်တေးစီးရီးအခွေများ ထုတ်သည့်အခါတွင်လည်း ပါ၀င်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တတိယအကြိမ်မြောက် မွန်သီချင်းဆိုပြိုင်ပွဲဝင်ရန် လျှောက်ထားသူ ၅ဝ ဦးကို ဖေဖော်ဝါရီ ၉ ရက်နေ့က စတင် အသံစမ်းစစ်ဆေးပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ ညများတွင် ယှဉ်ပြိုင်သူ ၂ဝ ဦးအနက် ခုနှစ်ဦး ရွေးချယ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ညတွင် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply