ပုံစာ - ကိုဗစ်ကာလ ၂၀၂၀ ဩဂုတ်က နေပြည်တော် - ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးပေါ် မြင်ကွင်း။

ရန်ကုန် ဇန်နဝါရီ ၂၉

မွန်၊ ချင်း၊ ရှမ်း ဟူ၍ ပြည်နယ် သုံးခု၊ တနင်္သာရီ၊ မကွေး၊ မန္တလေး ဟူ၍ တိုင်းဒေသကြီး သုံးခုတွင် ခရီးသည်တင် အဝေးပြေးယာဉ်များ သွားလာခွင့် ကန့်သတ်ထားဆဲဖြစ်သည်။

မွန်တွင် ပြည်နယ်အတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများကို ယမန်နှစ် ၂၀၂၀ စက်တင်ဘာ ၁၁ ကစတင်လျက် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရပ်ဆိုင်းထားသည်။ သို့ဖြစ်ရာ မွန်ပြည်နယ်သည်  ခရီးသည်တင် ယာဉ်လိုင်း အကန့်သတ်ခံကာလ လေးလခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှုအခြေအနေကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့ ဇန်နဝါရီ ၂၉ တွင် ထုတ်ပြန်ခဲ့ရာ ကြေညာချက်တွင် ယင်းသို့ ပါရှိသည်။

အဝေးပြေးယာဉ်လိုင်း ရပ်ဆိုင်းထားရန် ထုတ်ပြန်ထားခြင်း မရှိသည့် ဒေသများမှာ နေပြည်တော်ကောင်စီနယ်မြေအပြင် ကချင်၊ ကယား၊ ကရင်၊ ရခိုင် ပြည်နယ်များ၊ စစ်ကိုင်း၊  ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးများ၊ စုစုပေါင်း ဒေသ ကိုးခု ဖြစ်သည်။

ပုံစာ – ကိုဗစ်ကာလ ၂၀၂၀ ဩဂုတ်က နေပြည်တော် – ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးပေါ် မြင်ကွင်း။

အဝေးပြေးယာဉ်လိုင်း ရပ်ဆိုင်းထားသည့် ဒေသများတွင် ဒေသအစိုးရက ထုတ်ပြန်ထားခြင်း ရှိသလို အချို့မှာ ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကလည်းကောင်း၊ အချို့မှာ ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကလည်းကောင်း ကန့်သတ်ထားကြောင်း ဖော်ပြပါရှိသည်။

ချင်းတွင် ပြည်နယ်အစိုးရက ပြည်နယ်အတွင်းရှိ Express ယာဉ်လိုင်းများ ခရီးသည်တင်ဆောင်ခွင့်ကို ပိတ်ပင်ထားသည်။ ရှမ်းတွင် ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက အဝေးပြေးယာဉ်လိုင်းများ ခရီးသည်အစား ကုန်စည်ကိုသာ သယ်ဆောင်ခွင့် ပြုထားသည်။ တနင်္သာရီတိုင်းတွင် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ခရီးသည်တင် အဝေးပြေးယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ယမန်နှစ် ၂၀၂၀ စက်တင်ဘာ ၁၉ က စတင်တားမြစ်ထားရာ မွန်ပြည်နယ်နှင့်အလားတူ ကြာမြင့်ခဲ့ပြီဖြစ်သည်။

မကွေးတိုင်းတွင်လည်း ရပ်ဆိုင်းရန် ထုတ်ပြန်ထားသော်လည်း မည်သည့် အဖွဲ့အစည်းက ကန့်သတ်သည်ကိုမူ ဖော်ပြမထားချေ။ မန္တလေးတိုင်းတွင် တိုင်းအစိုးရက တိုင်းအတွင်း ခရီးသည်တင် အဝေးပြေးယာဉ်များ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားသည်။

ဝန်ကြီးဌာနအနေဖြင့် အဆိုပါစာရင်းကို ဒေသအလိုက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနများက ပေးပို့ချက်များကို စုစည်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကတဆင့် ပြောသည်။

 

နေမင်းထွဏ်း

 

ပုံစာ – ကိုဗစ်ကာလ ၂၀၂၀ ဩဂုတ်က နေပြည်တော် – ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးပေါ် မြင်ကွင်း။

 

Leave a Reply