Hi Burma Honesty Information
28/11/2020

ရှင်ငြိမ်း

၂၀၂၀ ရွေးကောက်ပွဲအပြီး ထွက်လာတဲ့မဲရလဒ်တွေအရ မွန်ညီညွတ်ရေးပါတီဟာ ပြည်နယ်အခြေစိုက်နိုင်ငံရေး ပါတီတွေထဲမှာ တတိယအင်အားအကြီးဆုံးပါတီဖြစ်လာခဲ့ပါပြီ။

ပြည်မအခြေစိုက်ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ပြီးရင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးရကြတဲ့ တိုင်းရင်းသား ပါတီတွေဖြစ်ပါတယ်။

လွှတ်တော်သုံးခုပေါင်း အမတ်နေရာ ၁၂ နေရာနဲ့တတိယချိတ်တဲ့ တိုင်းရင်းသားပါတီကတော့ မွန်ညီညွတ်ရေးပါတီ ဖြစ်ပါတယ်။

တစ်ဒါဇင်သော ရွေးကောက်ပွဲအနိုင်ရ မွန်ပါတီရဲ့အမတ်တွေထဲမှာ တစ်ဦးတည်းသောအမျိုးသမီးအမတ်ဟာ မိလဝီဟန်ပါ။ သူမဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊အမှတ်(၇) အမျိုးသားလွှတ်တော်နေရာက အနိုင်ရခဲ့တာဖြစ်ပါတယ်။

မွန်တိုင်းရင်းသူ မိလဝီဟန်က လက်နက်ကိုင်တော်လှန်ရေးကနေ တရားဝင်နိုင်ငံရေး လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးပါတီထဲသို့ ကူးပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

တိုင်းရင်းသားအချင်းချင်း အခွင့်အရေးတန်းတူညီမျှမှုရှိဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရပြီး အမျိုးသမီးတွေ ဦးဆောင်မှု အခန်းကဏ္ဍမှာပါဝင်တဲ့ နိုင်ငံရေးဖြစ်ဖို့ ရည်ရွယ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်တယ်။

“ကျမ နိုင်ငံရေးလုပ်တယ်ဆိုတာ အုပ်ချုပ်ရေးပိုင်းမှာ နေရာရဖို့မဟုတ်ဘူး။ ကျမဝင်ရောက်ခြင်းအားဖြင့် တိုင်း ရင်းသားတွေ ဘယ်တိုင်းရင်းသားမဆို ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ ပုံစံ ဖက်ဒရယ်ကို ဦးတည်တယ်” လို့ မိလဝီဟန်က သူရဲ့ခံယူချက်ကို ပြတ်သားစွာ ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီထဲမှာတော့ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားတာတွေ မရှိဘဲ ပါတီအတွင်း အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်စေဖို့ မူဝါဒ ချမှတ် ဆောင်ရွက်ထားတာတွေတောင်ရှိတယ်လို့ ပါတီရဲ့ တာဝန်ရှိသူ နိုင်အောင်မွန်က ပြောပါတယ်။

သူရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး မွန်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မိကွန်ချမ်းနွန်ကတော့“၁၉၈၃ လောက်မှာ တက္ကသိုလ်မှာ ကျမတို့ စခင်ခဲ့တယ်။ သူဟာ ထက်မြက်တဲ့ မိန်းမတယောက်ပါ။ ရည်မှန်းချက်ကြီး သလို ဖြစ်အောင်လည်း လုပ်နိုင်တဲ့ အမျိုးသမီးပါ။ သူက နိုင်ငံရေးတခုထဲကိုပဲ တစိုက်မတ်မတ်လျှောက်ခဲ့ သူပါ”လို့ မှတ်ချက်ပေးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း မိလဝီဟန်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့် ခဲ့တာကြောင့် ဒီတကြိမ်အောင်မြင်မှုက သူ့အတွက် ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခြင်း ဖြစ်တယ်။

ဒါ့အပြင် သူဟာ မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ထဲမှာလည်း အမျိုးသမီးစည်းရုံးရေးနဲ့ မွန်ပညာရေးဌာနတွေမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းခဲ့သူ ဖြစ်တယ်။

မိလဝီဟန်ရဲ့ ဇာတိမြေဖြစ်တဲ့ ရေးမြို့နယ်မှာ ယခင်က အမဲရောင်နယ်မြေဖြစ်ခဲ့ပြီး တရားစိုးမိုးမှုမရှိဘဲ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြောင်းမဲ့ စွပ်စွဲသတ်ဖြတ်တာတွေကို ရှိတဲ့အတွက် ဒါကို လက်မခံနိုင်တော့တာကြောင့် တက္ကသိုလ်ကျောင်ပြီးတဲ့ ၁၉၉၂ ခုနှစ်မှာ မွန်ပြည်သစ်ပါတီထဲကို ဝင်ရောက်ခဲ့တာပါ။

မွန်ပြည်သစ်ပါတီက ၂၀၁၈ ခုနှစ်မှာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်တယ်။

မွန်ပြည်သစ်ပါတီထဲကို မိလဝီဟန်၊ မိကွန်ချမ်းနွန်တို့နဲ့အတူ တက္ကသိုလ်အသီးသီးက အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၂ ယောက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးစည်းရုံးရေး တာဝန်ယူခဲ့ရတဲ့ မိလဝီဟန်ကတော့ မွန်ပြည်သစ်ပါတီထဲမှာ ကျား၊ မ တန်းတူညီမျှရေး က အားရ ကျေနပ်စရာ မရှိတဲ့ အပိုင်းတွေ အများကြီးရှိခဲ့တယ်လို့ သူရဲ့ သဘောထားအမြင်ကို ပြောပါတယ်။

“အခုထက်ထိ ဂျန်ဒါပေါ်လစီနဲ့ ပတ်သက်ရင် ဘာမှ ထွက်ထားတာမရှိသေးဘူး။ ပြောလို့ရှိရင် နုတ်ပြောတော့ ရှိတာပေါ့။ မိန်းကလေးတွေ ဘယ်လောက်အထိ လုပ်နိုင်မလဲ။ လုပ်နိုင်သူရှိရင်လာပါပြောပေမယ့် သူတို့ဆီမှာ အဲ့လိုမျိုး ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိသေးဘူး။ လုပ်ဆောင်တာထက် အားပေးရုံအဆင့်လောက်ပဲ ရှိသေး တယ်”လို့ မိလဝီဟန်က ရှင်းပြပါတယ်။

အမျိုးသမီးတပ်တွေမရှိတော့ပေမယ့် မွန်ပြည်သစ်ပါတီထဲမှာတော့ အမျိုသမီးတွေ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာ ရေးစတဲ့ ကော်မတီတွေမှာ ပိုမို ပါဝင်လာစေဖို့ တိုက်တွန်းလုပ်ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

မွန်အမျိုးသမီးတွေအနေနဲ့ ယခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ရောက်နေကြတာရှိပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးအရ ဖိနှိမ်မှုတွေရှိလာတဲ့အတွက် နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှု နည်းသွားလို့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင် မိသန်းဝေက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ မွန်ပြည်နယ်ရဲ့ လွှတ်တော်ဥက္ကဋ္ဌကလည်း အမျိုးသမီး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ခံ အမျိုးသမီးအမတ်ထွက်ပေါ်လာတာကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အသိ ရှိလာတဲ့အတွက် အမျိုးသမီးတွေနိုင်ငံရေးမှာ ယခင်ထက်ပိုမိုစိတ်ဝင်စားလာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှား သူတွေက ထောက်ပြနေကြပါတယ်။

အမျိုးသမီးတွေ ရွေးကောက်ပွဲပါဝင်မှုနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေတဲ့ ဖန်တီးအိမ်ရဲ့ ထုတ်ပြန်ချက် အရ ၂၀၁၅နဲ့ နှိုင်းယှဉ်ပါက ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အနိုင်ရမှုက ၄ ရာခိုင်နှုန်းတိုးမြှင့်လာတယ်လို့ သိရပါတယ်။

ဒါဟာ အမျိုးသမီးတွေအတွက် ကောင်းတဲ့လက္ခဏာဖြစ်ပြီး အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ခြင်းအားဖြင့် နိုင်ငံ ရေးမှာ အင်အားများရင် များသလို အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးမှာ အမျိုးသမီး တွေရဲ့ အသံတွေ ပိုထွက်လာပြီး သူတို့ရဲ့ အခက်အခဲတွေကို ပြောခွင့်ရမယ်လို့ မိလဝီဟန်က ဆိုပါတယ်။

Equality Myanmarရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်တွေ အမြောက်အများ ရွေးကောက်ခံရခြင်းအားဖြင့် ပြည်သူလူ ထုကြားထဲမှာ အသိအမြင်ပြောင်းနိုင်သလို အမျိုး သမီးဆိုတာ ဘာမှ သုံးမရဘူးဆိုတဲ့အပေါ်မှာလည်း အနည်းနဲ့ အများ သက်ရောက်မှု ရှိနိုင်ပါတယ်လို့ သုံးသပ် ပါတယ်။

အမှန်တကယ်က အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ စိတ်ပါဝင်စားမှုရှိပေမယ့် အမျိုးသမီးဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုကို ကြောက်တာ၊ အမျိုးသားတွေက လက်တွဲခေါ်ယူခြင်းမရှိတာ၊ ဓလေ့အရ ကန့်သတ် တာတွေက အမျိုးသမီးတွေ နိုင်ငံရေးထဲဝင်ဖို့အတွက် ကြီးစွာသော အဟန့်အတားဖြစ်စေခဲ့ပါတယ်။

“မွန်ရိုးရာဓလေ့အရ အမျိုးသမီးနဲ့ အမျိုးသားကို ခွဲခြားမှုတော့ရှိတယ်။ ကျမတို့ဆီက ခွဲခြားခြင်းဆိုတာ သိပ်ပြီး တော့ မသိသာဘူး။ ဒါပေမယ့် ပြုပြင်ရခက်တယ်။ ရှင်းရှင်းပြောရင် ထမင်းစားရင်တောင်မှ ယောကျာ်းတွေပဲ အရင် စားခိုင်းတယ်။ အမျိုးသမီးတွေက နောက်မှစားရတယ်။ အဲဒါတွေက အခုထက်ထိကို ရှိနေသေးတယ်”လို့ မိလဝီဟန်က ပြောပါတယ်။

ဘာပဲလုပ်လုပ် အမျိုးသမီးတွေ နောက်မှဆိုတဲ့ စကားမျိုးကအစ ခွဲခြားဆက်ဆံခံရခြင်းဖြစ်ပြီး တချို့အကြောင်း အရာတွေဆိုရင် စိတ်ကို အကြမ်းဖက်ခံရသလို ခံစားရစေတယ်လို့လည်း သူက ဖွင့်ဟပါတယ်။

တစ်ဒါဇင်သော ရွေးကောက်ပွဲအနိုင်ရ မွန်ပါတီရဲ့အမတ်တွေထဲမှာ တစ်ဦးတည်းသောအမျိုးသမီးအမတ်ဟာ မိလဝီဟန်ပါ။

မွန်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ မိကွန်ချမ်းနွန်ကတော့ “သူတို့ရဲ့အဓိကစိန်ခေါ်မှုကတော့ ယဉ်ကျေးမှု ဓလေ့ထုံးစံပဲ။ နိုင်ငံရေးက အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အတိအလင်းမပြောတာတောင်မှ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေမရှိဘူးလေ။ အမျိုးသားတွေက တိုက်တိုက်တွန်းတွန်းလုပ်ဆောင်တဲ့ ကိစ္စတွေ မရှိဘူး”လို့ ပြောပါတယ်။

နောက် အမျိုးသမီးတွေ အိမ်အလုပ်မလုပ်ဘဲ နေရင် မိန်းမပျင်း၊ မကောင်းတဲ့ မိန်းမလိုဝေဖန်ပုတ်ခတ်ကျတော့ သူတို့ဟာ အိမ်အလုပ်ထဲမှာပဲ အချိန်တွေကုန်ဆုံးသွားရတဲ့သူတွေ ဖြစ်သွားတော့ သူတို့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရှာဖွေဖို့ အချိန်မရကြတော့ပါဘူး။

ဒီလိုကိစ္စတွေရှိတဲ့အတွက် အမျိုးသမီးတွေဟာ တခါတရံမှာ ကိုယ့်ကိုကိုယ်သိမ်ငယ်ပြီး လူတောမတိုးဝံ့တော့ဘဲ ဆုံးဖြတ်ပိုင်ခွင့်နေရာကနေ အနောက်ကို ရောက်သွားရတဲ့အဖြစ်ထိ ဖြစ်သွားရပါတယ်။

မွန်အမျိုးသမီးများကွန်ရက်နဲ့ ငြိမ်းချမ်းရေးအတွက် ကျား – မတန်းတူရေး မဟာမိတ်(AGIPP)တို့ ပူးတွဲထုတ်ပြန် ထားတဲ့ မွန်အမျိုးသမီးများ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတွင် ပါဝင်မှုအခြေအနေ သုတေသန စစ်တမ်းမှာဆိုရင် မွန်လူမူအသိုင်းအဝိုင်းမှာ အမျိုးသားတွေက အမျိုးသမီးတွေကို သိပ်မယုံကြဘူး။ အမျိုးသမီးတွေ အုပ်ချုပ်ရင် နိုင်ငံတိုးတက်မှုနှောင့်နှေးတယ်ဆိုတဲ့ အယူတချို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း မိလဝီဟန်က အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး မွန်အမျိုးသမီးအဖွဲ့မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တွဲ ဘက် အတွင်းရေးမှူးစတဲ့ အဆင့်ဆင့်တာဝန် ယူခဲ့စဉ်က အမျိုးသမီးတွေ ကိုယ့်အခွင့်အရေးကိုယ် နားလည်လာ ဖို့ အမြင်ဖွင့်သင်တန်းပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာပါကလည်း အမျိုးသမီးဘက်ကနေ နစ်နာမှု မရှိအောင် သူကိုယ်တိုင် လိုက် လံ ဆောင်ရွက်ပေးတာတွေရှိသလို နိုင်ငံရေး အမြင်ကျယ်လာဖို့လည်း ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင် ဝေတာတွေလည်း လုပ်ပေးပါတယ်။

မွန်ပြည်သစ်ထဲမှာတော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ မှုခင်းတွေဖြစ်ပွားပါက ပြည်တွင်းမှာ အသုံးပြုတဲ့ ဥပဒေ တွေအတိုင်း အပြစ်ပေးအရေးယူတယ်လို့ မိလဝီဟန်က ပြောပါတယ်။

ဒါ့အပြင် သူဟာ မွန်ပြည်သစ်ပါတီထဲမှာရှိစဉ်က မိခင်ဘာသာစကားကို အခြေပြုသင်ကြားရေးစနစ်ကို အသုံးပြုနေတဲ့ မွန်အမျိုးသားပညာရေး ဌာနမှာလည်း ကျောင်းအုပ်ဆရာမကြီး တဦးလည်း ဖြစ်ခဲ့ပါသေးတယ်။

“ကျမအနေနဲ့က လက်နက်ကိုင်လုပ်ခြင်းအားဖြင့် ဒါလည်း ထိရောက်မှုနည်းတယ်။ လက်နက်ကိုင်ခြင်းက ကျမလိုချင်တဲ့ အမျိုးသားရေးကိစ္စကို လုပ်လို့မရဘူး။ ၂၀၁၄ မှာ မွန်ပြည်သစ်ပါတီကနေ ရပ်နားပြီး တရားဝင် နိုင်ငံရေးပါတီကို ဝင်ရောက်ခဲ့တယ်”လို့ သူက ဆိုပါတယ်။

ရွေးကောက်ခံလိုက်ရပြီဖြစ်တဲ့ မိလဝီဟန်အနေနဲ့ လာမယ့်လွှတ်တော်ပြန်ဖွင့်ရင် သူအနေနဲ့ ပထမဆုံး လွှတ် တော် တက်ရောက်ရမှာဖြစ်ပါတယ်။

သူအနေနဲ့ လွှတ်တော်အတွင်း အမျိုးသမီးအရေးနဲ့ပတ်သက်တဲ့ ရေးရာတခုခုမှာလုပ်ခွင့်ရခဲ့ပါက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ(PoVAW) အမြန်ဆုံးပေါ်ထွက်လာဖို့ ဆောင်ရွက်ချင်တယ် လို့ ဟစ်ကြွေးထားပါတယ်။

ဒီဥပဒေထွက်လာမှ အမျိုးသမီးတွေရဲ့ဘဝက လုံခြုံမှုရှိမယ်။ အကြမ်းဖက်ခံရခြင်းမှလည်း အထိုက်အလျောက် အကာအကွယ်ပေးနိုင်မှာဖြစ်လို့ သူအနေနဲ့ လုပ်ဆောင်ချင်တာပါလို့ မိလဝီဟန်က ဆိုပါတယ်။

အကယ်၍ အမျိုးသမီးငယ်လေးတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲထဲ ဝင်ပြိုင်ချင်တယ်ဆိုရင် ဘာတွေပြင်ဆင် ထားသင့်ဆိုတဲ့အကြောင်းကို သူက အခုလိုပဲ အကြံပြု စကာဆိုလိုက်ပါတယ်။

“လူငယ်တွေကိုတော့ ကြိုးစားပါလို့ပြောချင်တယ်။ အတွေ့အကြုံဆိုတာကတော့ ကျမတို့ သင်ယူလို့ မရပါဘူး။ ပါတီတည်ဆောက်ရေးလုပ်ငန်းမှာပါဝင်ပါ။ ကိုယ့်ရပ်ရွာထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ လူမူရေးလုပ်ငန်းတွေမှာ ဝင်ပါပါ။ လူသိများဖို့ လိုသလို ကိုယ့်မှာ အရည်အချင်းရှိဖို့လည်း လိုတယ်”

===

( ယခုစာမူကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က စီစဉ်လုပ်ဆောင်သည့် HI Burma – Honest Information for Burma Website ( www.hiburma.net ) ထံမှ ခွင့်ပြုချက် ရယူလျက် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။ )

Leave a Reply