Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်အမျိုးသားကျောင်းများအတွက် အခွင့်အလမ်းရရှိရန်နှင့် ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဥပဒေပြဋ္ဌာန်းချက်အရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ ညှိနှိုင်းတောင်းဆိုသင့်ပါကြောင်း စက်တင်ဘာလ ၁၁ ရက် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စရပ်မှာ ကျွန်တော်တို့ ပြည်နယ်အစိုးရ အနေနဲ့ ဒီကျောင်းတွေနဲ့ ပတ်သက်ပြီးတော့ အခုလိုတင်ပြလာတဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ကို အကူအ ညီတောင်းချင်ရင်လည်း ကျွန်တော်တို့အနေနဲ့ စိတ်ရင်းစေတနာကောင်းမွန်စွာနဲ့ ကူညီပေးဖို့ အစီအစဉ်ရှိပါ တယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြည်နယ်အစိုးရအ နေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပြဋ္ဌာန်းချက် အပိုဒ် ၂၂ နှင့်အညီ အဆိုပါ မွန်အမျိုးသား ကျောင်းများကို ကူညီ ထောက်ပံ့ပေးနိုင်ရန် အစီအစဉ်ရှိမရှိ နှင့် အစီအစဉ်ရှိပါက မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို မေးမြန်းရာ တွင် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပေဒ ပုဒ်မ ၅၇ အပိုဒ် (က)တွင် အခြေခံပညာအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှု တို့ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်ဟု ပါရှိသည့်အပြင် ပုဒ်မ ၆၄ အပိုဒ် (က)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် နိုင်ငံတော်တာဝန်ယူဆောင် ရွက်သော ပညာရေးကဏ္ဍာအသီးသီးအတွက် လိုအပ်သောဘဏ္ဍာငွေကို ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေနှင့်အညီ ထောက်ပံ့ပေးရမည်ဟု ပါရှိကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

မွန်အမျိုးသားပညာရေးကော်မတီ(MNEC)မှ ဖွင့်လှစ်ထူထောင်ခဲ့သော မွန်အမျိုးသားကျောင်းများမှာ အမျိုး သားပညာရေးဥပဒေ အခန်း(၆) ကျောင်းအမျိုးအစားတွင် ပုဒ်မ ၃၄ ၊ အပိုဒ် (ဂ) ပါ ဒေသန္တရအဖွဲ့အစည်း ပိုင်ကျောင်းအနေဖြင့် သတ်မှတ်ထားကြောင်း အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း ဒေသန္တရကျောင်းနှင့် ပတ်သက်၍ မူဝါဒနှင့် အဓိပ္ပာယ်တိကျစွာ မပြဋ္ဌာန်းရသေးကြောင်း ၎င်းက ပြောသည်။

အဆိုပါကျောင်းများမှာ ပညာရေးဝန်ကြီးဌာန၏ လက်အောက်ခံကျောင်းများမဟုတ်သည့်အတွက် ဘဏ္ဍာငွေရန် ပုံငွေဆိုင်ရာ၊ သင်ကြားရေးအထောက်အကူပစ္စည်းဆိုင်ရာများ စသဖြင့် ကူညီထောက်ပံ့ပေးမှု မပြုပေးနိုင်သေး ကြောင်း၊ ပြည်တွင်းပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်ဆောင်ရွက်နေကြကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“သင်ကြားပေးနေတဲ့ မွန်ဆရာ၊ ဆရာမတွေအနေနဲ့ လုံလောက်မှု မရှိတဲ့ထောက်ပံ့ကြေးကို အဓိကမထားဘဲ မွန်တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်စေရေးအတွက် စိတ်ဓာတ်ခိုင်မာစွာနဲ့ ရပ်တည်ဆောင်ရွက်နေကြတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် မိခင်ဘာသာစကားအခြေပြုသင်ကြားနေသော မွန်အမျိုးသားကျောင်းသည် မွန်စာပေ၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်ရေးအ တွက်ပါ များစွာအထောက်အကူပြုနေကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

နိုင်ငံတော်ကို ကိုယ်စားပြုပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ဆောင်ရွက်နေကြသော အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ကရင်၊ ပအိုဝ်း၊ မွန်တိုင်းရင်းသားတို့ကို ကူညီထောက်ပံ့ရန် သတ်မှတ်လျာထားသည့် ရန်ပုံငွေအတွင်းမှ မွန်အမျိုးသားပညာရေးကျောင်းအချို့မှ လိုအပ်နေသော အဆောက်အဦပိုင်းဆိုင်ရာကို ဖြစ်စေ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများဖြစ်စေ ဝယ်ယူဆောင်ရွက်နိုင်ရန် ထိုက်သင့်သော ဘဏ္ဍာငွေကြေးကိုဖြစ်စေ ကူညီထောက်ပံ့ပေးသင့်ကြောင်း ၎င်းက တင်ပြတောင်းဆိုခဲ့သည်။

မွန်အမျိုးသားပညာရေးကျောင်းများအတွက် ထောက်ပံ့ကြေးငွေအဖြစ် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုအစိုးရထံသို့ ဇွန်လအတွင်းက ဘတ်ဂျက်ငွေ ကျပ်သိန်း ၈၀၀ တောင်းခံခဲ့ပြီး၊
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မွန်အမျိုးသားပညာရေးကျောင်းပေါင်း ၁၃၃ ကျောင်းရှိ၍ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ မူလွန်နှင့် မူလတန်းကျောင်း ၁၁၄ ကျောင်းပါဝင်သည်။

Written by – ရွှေရိုး

Leave a Reply