မော်လမြိုင် အောက်တိုဘာ

လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် မွန်အမျိုးသားကွန်ဖရင့်သို့ မွန်နိုင်ငံရေးပါတီများ တက်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ဖရင့်အား ဦးဆောင်ကျင်းပပြုလုပ်မည့် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ညှိနှိုင်းရေးအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင် ကပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အလွှာပေါင်းစုံပါဝင်မယ့် မွန်အမျိုးသားကွန်ဖရင့်တစ်ရပ် ကျင်းပပြုလုပ်သွားမယ်။ အဲဒီကွန်ဖရင့် ကို မွန်နိုင်ငံရေးပါတီတွေ ပါဝင်လာနိုင်အောင်၊ ပူးပေါင်းဆောင်ရွက်လာ နိုင်အောင် ဆက်လက်ကြိုးပမ်းသွားပါမယ်။ ညီလာခံမှာ သူတို့ရဲ့သဘောထားဆန္ဒတွေ၊ လိုလားချက်တွေ တင်ပြပေးနိုင်ဖို့အတွက်ကို ကြိုးစားပေးသွားပါမယ်” ဟု ၎င်းကပြောကြားသည်။

မွန်နိုင်ငံရေးပါတီများ ညီလာခံတွင် ယင်းသို့ ပါဝင်လာနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည့်အပြင် နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်လည်း ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း နိုင်စိုးအောင်က ဆိုသည်။

“သူတို့ဆီကို စာတွေပို့ပါမယ်။ တွေ့ခွင့်တောင်းပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ရှင်းပြမယ်။ နောက်ပြီးတော့ သူတို့ဘက်က လိုလားချက်တွေကို ကျွန်တော်တို့နားထောင်မယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့နားလည်မှုယူပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင်တော့ ကြိုးစားသွားပါမယ်”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

သို့ရာတွင် ၎င်းတို့အနေနဲ့ အကြံဉာဏ်ပိုင်းကို ပေးကောင်းပေးလိမ့်မည်ဖြစ်သော်လည်း မွန်အမျိုးသားကွန်ဖရင့်နှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအနေဖြင့် လုပ်ငန်းစဉ်အပိုင်းတွင် ပါဝင်လာနိုင်ခြင်း မရှိကြောင်း၊ ကွန်ဖရင့်တွင် ဧည့်သည်အနေဖြင့် ဖိတ်ကြားပါက ၎င်းတို့အနေဖြင့် တက်ကောင်းတက်ရောက်လာနိုင်သော်လည်း လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းများတွင်မူ ပါဝင်လာနိုင်ရန်မှာ အခြေအနေနည်းပါးကြောင်း နိုင်စိုးအောင် ဆက်လက်ပြောကြားခဲ့သည်။

မွန်အမျိုးသားကွန်ဖရင့်ကို ကျင်းပနိုင်ရေးအတွက် မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွှတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့၊ ရာမညအင်အားစု၊ မွန်လူငယ်ဆုံရပ်(MYF)နှင့် မွန်အမျိုးသားစည်းလုံးညီညွတ်မှု အကျိုးဆောင် အဖွဲ့သည် အောက်တိုဘာလ ၈ ရက်က မော်လမြိုင်မြို့၊ ပဲခူးပရိယတ္တိမွန်စာသင်တိုက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Written by – ရွှေရိုး

Leave a Reply