မွန်အမျိုးသားကွန်ဖရင့်ကိုသြဂုတ်လပထမပတ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာသို့ ပြောင်းရွှေ့ကျင်းပရန် မွန်ပြည်သစ်ပါတီကစီစဉ်လျက်ရှိကြောင်းအဆိုပါပါတီထံမှ သိရသည်။

logo-copy

ရှစ်ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်ကိုယခင်ကမေလအတွင်းထိုင်း-မြန်မာနယ်စပ်ရှိဂျပန်ရေတွင်းကျေးရွာ၌ ကျင်းပရန်စီစဉ်ခဲ့သော်လည်းအခက်အခဲများရှိနေသောကြောင့်ထိုသို့ပြောင်းရွှေ့ရန်စီစဉ်ခြင်း ဖြစ်ကြောင်းမွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယင်းမွန်အမျိုးသားကွန်ဖရင့်တွင် ၂၁ ရာစုပင်လုံညီလာခံကိုတက်ရောက် မည့် မွန်ကိုယ်စားလှယ်အတွက် အကြံပြုအဖွဲ့အစည်းတစ်ခုဖွဲ့စည်းခြင်းနှင့် မွန်အမျိုးသားစည်းလုံးညီညွတ်ရေးတို့အပြင် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကိစ္စများကိုဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျင်းပမယ့်နေရာကို နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေနဲ့လည်းညှိနှိုင်းနေတယ်၊ တောင်ပေါက်မှာကျင်းပဖို့ သဘောတူကြတယ်”ဟု နိုင်ဝင်းလှကဆိုသည်။
မွန်အမျိုသားကွန်ဖရင့်ကို ၂၁ ရာစုပင်လုံညီလာခံမစတင်ခင် ကျင်းပနိုင်ပါကကောင်းမွန်ပြီးယင်းကွန်ဖရင့်တွင် မွန်တစ်မျိုးသားလုံး၏ အသံများကိုဖော်ထုတ်နိုင်ရန်လိုအပ်ကြောင်းမွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ နိုင်စဝေါမွန်က ပြောဆိုသည်။

“အဲ့ဒီကွန်ဖရင့်မှာမွန်တစ်မျိုးသားလုံးရဲ့ အသံတွေဖော်ထုတ်နိုင်ဖို့လိုပါတယ်။ ဒါကမွန်လူမျိုးတိုင်းရဲ့ တာဝန်ပါပဲ။ အထူးသဖြင့် မွန်ပါတီတွေကိုယ်တိုင်အလေးအနက်ထားဆွေးနွေးပါဝင်နိုင်ဖို့လိုတယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်ကမွန်အမျိုးသားကွန်ဖရင့်ကိုဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပမည့်အစီအစဉ်မှာမူအချို့သောအဖွဲ့အစည်းများကမတက်ရောက်နိုင်သောကြောင့် ပျက်သွားခဲ့ရကြောင်းနိုင်ဝင်းလှက ရှင်းပြသည်။

အဆိုပါ မွန်အမျိုးသားကွန်ဖရင့် နေရာနှင့် အချိန် ပြောင်းရွှေ့ကျင်းပခြင်းကိုမွန်နိုင်ငံရေးပါတီများ၊ မန္တလေး၊ ရန်ကုန် နှင့် ပဲခူးအစရှိသည့် ပြည်တွင်းမွန်လူမှုအဖွဲ့အစည်းများ၊ နယ်စပ်နှင့် ထိုင်းနိုင်ငံရှိမွန်လူမှုအဖွဲ့အစည်းများ၊ အဝေးရောက်မွန်လူမှုအဖွဲ့အစည်းများ(OMCC)တို့နှင့် ဆွေးနွေးလျက်ရှိကြောင်းမွန်ပြည်သစ်ပါတီထံမှ သိရသည်။

Leave a Reply