Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မကြာမီကျင်းပတော့မည့် (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ရော ကရင်ပြည်နယ်အစိုးရအဖွဲ့ကပါ ထောက်ပံ့ပေးထားကြောင်း ယင်းအခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်ချစ်ဦးက ပြောသည်။

“အခုလောလောဆယ်တော့ မွန်ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၂၀၀ ထုတ်ပေးထားတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးမယ်။ ကရင်ပြည်နယ်က မနက်ဖြန်(ဇန်နဝါရီ ၁၇) မှ သွားထုတ်ဖြစ်မယ်”ဟု နိုင်ချစ်ဦးက ပြောသည်။

ယင်းအခမ်းအနားကို ကရင်ပြည်နယ်အတွင်း၌ ကျင်းပမည်ဖြစ်သည့်အတွက် ဒေသခံမွန်ကျေးရွာ နည်းပါး၍ အခက်အခဲများစွာရှိနေသော်လည်း ပြည်နယ်အစိုးရနှစ်ရပ်အနေဖြင့် ယင်းသို့ ထောက်ပံ့ပေးထားသည့်အတွက် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ချစ်ဦးက ဆိုသည်။

“ကရင်နယ်ဘက်မှာ မွန်ကျေးရွာတွေ နည်းတယ်။ လုပ်အားပေးအတွက် အခက်အခဲတွေအများကြီးရှိတယ်။ မွန်ပြည်နယ်ဘက်က အမျိုးသားရေးလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ လာရောက်ကူညီပေးစေချင်တယ်”ဟု ၎င်းက ဆန္ဒပြုသည်။

မွန်လူမျိုးများ၏ မျိုးချစ်စိတ်ရှင်သန်လာစေရန်၊ မွန်တို့၏ ကံကြမ္မာကို မွန်တို့ဖန်တီးနိုင်စေရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တက်လှမ်းစေနိုင်ရန် ရည်ရွယ်ပြီး မွန်အမျိုးသားနေ့ကို ကျင်းပရခြင်းဖြစ်ကြောင်း ကော်မတီက ဆိုသည်။

ယမန်နှစ်က (၇၀) ပြည့်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကျိုက်မရောမြို့၊ ဘုရားကြီးကွင်းတွင် ကျင်းပခဲ့ရာ ထိုစဉ်ကလည်း မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးခဲ့သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply