Advertisements

ချောင်းဆုံ ဇန်နဝါရီ ၃၀

၇၂ – ကြိမ်မြောက် မွန်အမျိုးသားနေ့ မြို့နယ်အဆင့် အခမ်းအနားကို ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ် ကိုယ်စားပြုအဖြစ် တောင်စွန်းကျေးရွာတွင် ကျင်းပသွားမည်ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၂၀ ရက်(တပို့တွဲလပြည့်ကျော် ၁ ရက်)တွင် ကျရောက်မည့် အဆိုပါအခမ်းအနားသို့ ကျွန်းပေါ်၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၆ အုပ်စုနေ ဒေသခံတိုင်းရင်းသားများ တစ်စုတစ်ဝေးတည်း ဆင်နွှဲနိုင်ကြမည်ဖြစ်ကြောင်း တောင်စွန်းကျေးရွာခံတို့က ပြောသည်။

ဒေသထုံးတမ်းစဉ်လာနှင့်ပတ်သက်၍ “ချောင်းဆုံမြို့နယ်က ကျေးရွာတွေမှာ မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ် တစ်ရွာပြီး တစ်ရွာ အလှည့်ကျ ကျင်းပလေ့ရှိတယ်”ဟု တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ချိန်က ဆိုသည်။

အခမ်းအနားကို ၃ ရက်တိုင်တိုင် ပြုလုပ်သွားရန်ရှိပြီး မွန်စာပေပြိုင်ပွဲ ၊ ကျဘမ်းစကား ပြောပြိုင်ပွဲ ၊ မွန်ရိုးရာယဉ်ကျေးမှုအကအလှပြိုင်ပွဲ ၊ အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားရန်ရှိကြောင်း အခမ်းအနားကျင်းပရေးကော်မတီဝင်တို့ထံမှ သိရသည်။

“မွန်စာပေ ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေ မပျောက်ပျက်ဖို့ ၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှု ရှိဖို့ ရည်ရွယ်ကျင်းပတာပါ”ဟု ဒေသခံ နိုင်မောင်ငယ်က ဆိုသည်။ ယခုကဲ့သို့ ကျင်းပခြင်းဖြင့် ရပ်ဝေးရပ်နီးရောက် ဆွေမျိုးသင်္ဂဟများ ပြန်လည်ဆုံဆည်းနိုင်ရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကို ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ကျင်းပမည် ဖြစ်သည်။ အကြိမ် ၅၀ မြောက် ရွှေရတုသဘင်မှ စတင် စတင်ဖွဲ့စည်းဖွဲ့စည်းခဲ့သော ဗဟိုအခမ်းအနားကိုလည်း တစ်နှစ် တစ်မြို့နယ် အလှည့်ကျ ဆင်ယင်ကျင်းပလျက် ရှိသည်။

မွန်အမျိုးသားနေ့သည် သာမလမင်းနှင့် ဝိမလမင်း မွန်ညီနောင်နှစ်ပါးတို့ ဟံသာဝတီနေပြည်တော် စတင်တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုဖြစ်ပေါ်လာခြင်းဖြစ်သည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply