(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ဒေသအသီးသီးမှာ မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူမျိုးများကိုယ်စား မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီများက သမ္မတကြီးထံသို့ တောင်းဆိုမည်ဟု ယင်းကော်မတီထံမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)
(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)

“တနင်္သာရီဒေသ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မော်လမြိုင်နဲ့ မွန်ဒေသအားလုံးက အချက်အလက် တွေ ရောက်လာပါပြီး မန္တလေးတိုင်း ကျင်းပရေးကော်မတီတွေလည်း ပါ၀င်တောင်းဆိုမယ်လို့ ပြောထားပါ တယ်”ဟု ၆၉ ကြိမ်မြောက် မော်လမြိုင်မြို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မိသန်းရှင်းက ပြောသည်။

မွန်အမျိုးသားနေ့အတွက် တရားဝင်ရုံးပိတ်ရက်ကို လက်ရှိအစိုးရအပြင် အစိုးရသစ် လက်ထက်တွင်လည်း ထပ်မံတင်ပြမည်ဖြစ်ကြောင်းနှင့် မွန်လူမျိုးအားလုံးစုပေါင်း၍ မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက် ထားရှိပေးရန် အတူတောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဒေသအသီးသီးက တောင်းဆို၍ ကျွန်တော်တို့ မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီတွေက အားလုံးစုပေါင်းပြီး လုပ်ဆောင်ပေးတယ်၊ လာမည့်အပတ်ကျရင် မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်ကို သမ္မတကြီးထံသို့ တောင်းဆိုစာပို့မယ်၊ ဒီလာမယ့် အစိုးရသစ်မှာလည်း ဒီအဆိုကို တင်သွင်းသွားမယ်”ဟု မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

မုဒုံမြို့တွင် ၂၀၁၅ ခုနှစ် ကျင်းပခဲ့သည့် မွန်ပြည်နယ်နေ့ အခမ်းအနားတွင်လည်း မွန်အမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက် ထားရှိပေးရန် တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆိုမှုများလည်း ရှိခဲ့သည်။

မွန်အမျိုးသားနေ့ကို အစိုးရတရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းမှုအား အစိုးရတရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စု လွှတ်တော်ကသာ ဆုံးဖြတ်နိုင်မည်ဖြစ်ခြင်းကြောင့် ယင်းအဆိုတင်သွင်းမှုကို မွန်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

မွန်အမျိုးသားနေ့ကို အစိုးရတရားဝင်ရုံးပတ်ရက်အဖြစ် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ပေးနိုင်မှု မရှိသော်လည်း အဆိုပါနေ့တွင် ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် မွန်လူမျိုးများအနေဖြင့် ယင်းအခမ်းအနားကို တက်ရောက်နိုင်ရန် ပြည်နယ်အစိုးရမှ ခွင့်ပြုထားပါကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ယင်းလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

Leave a Reply