Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၇

စက်တင်ဘာ ၆ ရက်က ကျင်းပသည့် မွန်အမျိုးသားဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးတွင် ယခင်နှစ်က လုပ်ငန်းအကြောင်းအရာ ရှင်းတမ်းများနှင့် (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီကို ပြန်လည်ဖွဲ့စည်းရန်အတွက် အဓိကဆွေးနွေးဖြစ်ကြောင်း အကြိမ်(၇၀)မြောက် မွန်
အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး မိစန္ဒာနွန်က ပြောကြားသည်။

“အစဉ်အလာအရ မွန်အမျိုးသားနေ့ကို အကြိမ်(၇၀)ထိဖြစ်မြောက်လာဖို့ကို မွန်အမျိုးသားဗဟိုကော်မတီက လုပ်ဆောင်ပေးရတယ်။ အဲဒါကို တချို့လူတွေက မွန်အမျိုးသားနေ့ ဗဟိုကဘယ်သူတွေ ကန်ထရိုက်ပေးထား တာလဲ။ ဘယ်ပါတီက ဦးဆောင်ပြီးလုပ်လေ့ရှိလဲ။ အသံတွေအမျိုးမျိုး ကြားနေရတယ်”ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားနေ့သည် နှစ်စဉ်ကျင်းပလေ့ရှိသော မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်သည်နှင့်အညီ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီကဦးဆောင်ကျင်းပခြင်းသာဖြစ်ကြောင်း၊ မွန်တိုင်းရင်းသားထုတစ်ရပ်လုံးကို ကိုယ်စားပြုရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီ ပြန်လည်ဖွဲ့စည်းရာတွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်သော ဖြစ်မြောက်ရေးကော်မတီဖြစ်စေရန်နှင့် အများသဘောတူပြီး လက်တွေ့လုပ်ဆောင် နိုင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

လာမည့် စက်တင်ဘာ ၁၇ ရက်တွင် ဖက်တန်းရပ်၊ မွန်ဓမ္မာရုံ၌ ယခုလက်ရှိကော်မတီအစား (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီသစ်ကို ပြန်လည်ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ ခုမှ တစ်မြို့နယ်လျှင် မွန်ဆရာတော်ကြီး ၃ ပါးကြွရောက်ရန် ပင့်ဖိတ်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်နယ်အတွင်း ကော်မတီများမှ တာဝန်ရှိသူ (၅)ဦးစီကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်းသတင်းရှိရသည်။

လွန်ခဲ့သည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့ကို ၂၀၁၇ ဖေဖော်ဝါရီ ၁၂ ရက်က ကျိုက်မရောမြို့နယ်၊ ဘုရားကြီးကွင်းတွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply