မော်လမြိုင်၊ စက်တင်ဘာ

မွန်အမျိုးသားပါတီ(MNP)မှ စည်းကမ်းနှစ်ကြိမ်ချိုးဖောက်ခဲ့သော ဗဟိုအလုပ်အမှုဆောင် တစ်ဦးကို စက်တင်ဘာလ ၂၄ ရက်က ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောကြားသည်။

ပါတီမှ ထုတ်ပယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင် မိစန္ဒာနွန်မှာ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ မုတ်ဘဲ ပါတီ၏ ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက် များကို မီဒီယာများတွင် ပြောကြားခဲ့ပြီးနောက် ထပ်မံမဖြစ်ပွားရန် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ သတိပေးမှု ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

”သတိပေးထားတဲ့ကြားထဲက ပြီးခဲ့တဲ့ ၈ လပိုင်း ၁၄ ရက်က သူက ထပ်ပြီးတော့ ဟင်္သာမီဒီယာဂျာနယ်မှာ ရှင်းလင်းပြောဆိုထားတာတွေ ပါတီရဲ့ ရပ်တည်ချက်တွေ ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတဲ့ အတွက် အဲဒါကြောင့် သူက စည်းကမ်းနှစ်ကြိမ်ချိုးဖောက်တယ်။ အဲဒါကြောင့် ဗဟိုကော်မတီရဲ့ ဆုံးဖြတ် ချက်အရ ပါတီကနေ ထုတ်ပယ်လိုက်တယ်”ဟု နိုင်လယီတမက ပြောသည်။

ထို့ပြင် ပါတီမှ နုတ်ထွက်ခွင့် တောင်းခံထားသည့် ဗဟိုကော်မတီဝင် နိုင်ချင်းနှင့် နိုင်ချမ်းမွန်တို့ကိုလည်း နုတ်ထွက်ခွင့် ပြုခဲ့ကြောင်း၊ မကြာမီရက်ပိုင်းက
ကျိုက်မရောမြို့နယ် ပါတီဝင် ၆၁ ဦး နုတ်ထွက်စာ တင်ထားခြင်းနှင့် ပတ်သက်၍ ယင်းနုတ်ထွက်စာတွင် နာမည်နှင့် လက်မှတ်များမှာ လက်ရေးစာလုံး တစ်မျိုးတည်းဖြစ်နေသည့်အတွက် သံသယဖြစ်နေကြောင်း ယင်းနာမည်နှင့် လက်မှတ်များကို ပါတီဝင်များ၏ သဘောထားဆန္ဒအမှန်ဖြစ်မဖြစ် မေးမြန်းစုံစမ်းရန် ဗဟိုအလုပ်အမှုဆောင်သုံးဦးကို တာဝန်ပေးအပ်ထားကြောင်း နိုင်လယီတမက ဆိုသည်။

ပါတီမှ ထုတ်ပယ်ခံရမှုအပေါ် မိစန္ဒာနွန်က ပြောရာတွင် “မွန်အမျိုးသားပါတီက ပါတီကနေ နုတ်ထွက်ရင်လည်း အပြစ်ရှိတယ်။ ပါတီထဲမှာ ရှိနေရင်လည်း အပြစ်လိုက်ရှာတယ်။ သူများ ဂုဏ်သိက္ခာကို လိုက်ချနေတယ်၊ သူတို့တွေက သူတို့ဆရာနဲ့တပည့်တွေပဲ လက်ခံကြတော့ ကျန်တဲ့လူတွေ ခံစားရတယ်”ဟု ပြောကြားသည်။

မွန်အမျိုးသားပါတီဦးဆောင်သူများကို အယုံအကြည်မရှိခြင်း၊ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် ပါတီတစ်ရပ် အကောင်အထည်ဖော်ပေးရန် မွန်ပြည်သူများနှင့် သံဃာတော်များသည် တောင်းဆိုမှုကို လျစ်လျူရှူခြင်းတို့ကြောင့် မိမိအနေဖြင့် သြဂုတ်လ ၂၉ ရက်က နုတ်ထွက်စာတင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မအနေနဲ့ကတော့ နုတ်ထွက်စာတင်ထားတာပဲ၊ ပါတီရဲ့စည်းကမ်းချက်ကို ဘာတစ်ခုမှ ချိုးဖောက်ခဲ့တာ မရှိဘူး။ အခုပါတီကို ဦးဆောင်နေသူတွေက ဒီလိုမျိုးသူတို့လုပ်နေတာ အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးနစ် နာတယ်”ဟု မိစန္ဒာနွန်က ပြောသည်။

မွန်အမျိုးသားပါတီ(MNP)မှ ဗဟိုအလုပ်အမှုဆောင်နှစ်ဦးဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းနှင့် နိုင်သောင်းရှိန်၊ ဗဟိုကော်မတီဝင်လေးဦးဖြစ်သည့် နိုင်Mချမ်းမွန်၊ နိုင်ဝင်းတင်၊ နိုင်ငွေ(သံဖြူဇရပ်)၊ မိမိုးမိုးအေးတို့ကိုလည်း ပါတီနှင့်တစ်နှစ်ကျော်ကြာ ဆက်သွယ်ခြင်းမရှိသောကြောင့် ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပသည့် ပါတီ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

Written by – ရွှေရိုး

Leave a Reply