မော်လမြိုင် မတ်

မွန်အမျိုးသားပါတီမှ တရားစွဲဆိုထားသူ သုံးဦးကို ဧပြီ ၅ ရက်နေ့တွင် အမှု ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ ပါတီရေးရာနှင့် စည်းရုံးရေးမှူး နိုင်ပန်းအောင်က ပြောသည်။

မွန်အမျိုးသားပါတီမှ တရားစွဲဆိုထားသည့် မိစန္ဒာနွန်(ခ)မိညွန့်ရီ၊ မိစုမွန်(ခ) မိစု နှင့် နိုင်ဉာဏ်လင်း သုံးဦးတို့မှာ ပါတီဝင်များဖြစ်ကြောင်း၊ အမျိုးသမီးနှစ်ဦးမှာ အမျိုးသမီးရေးရာမှူး တာဝန်များကို ထမ်းဆောင်ပြီး အမျိုးသားတစ်ဦးမှာ ကျိုက်မရောမြို့နယ် အလုပ်အမှုဆောင် တာဝန်ကို ထမ်းဆောင်သူများ ဖြစ်ကြောင်း နိုင်ပန်းအောင်က ပြောသည်။

၎င်းတို့ သုံးဦးသည် မတ်လ ၂၇ ရက်နေ့က ပါတီရုံးခွဲတစ်ခုတွင် လာရောက် ကန်တော့တောင်းပန်ခြင်းကြောင့် ယင်းသို့ အမှုရုပ်သိမ်းပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ၎င်းတို့သုံးဦးသည် ပါတီဆိုင်းဘုတ် ဗီနီုင်းစတေကာ ဖျက်ဆီးခြင်းနှင့် ပါတီစည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် မွန်အမျိုးသားပါတီမှ တာဝန်ရှိသူများမှ တရားစွဲရန် ဆုံးဖြတ်ခဲ့ကြောင်း၊၂၀၁၇ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း က နိုင်ပန်းအောင်ကပြောသည်။

၎င်းတို့သုံးဦးမှာလည်း လာရောက်တောင်းပန်ခဲ့စဉ်က တစ်ပါတီတည်းဖြစ်မြောက်ရေး စိတ်ဆန္ဒကြောင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိတွင် မွန်ပါတီများသည် မွန်ညီညွှတ်ရေး ပါတီဟူ၍ တစ်ပါတီတည်းပေါင်းစည်းခဲ့ပြီး ယင်းပါတီ တရားဝင်ဖြစ်ပါက အမျိုးသမီးပါတီ(မွန်) မှလွဲ၍ အခြားသော မွန်ပါတီများ ဆက်လက် တည်ရှိတော့မည် မဟုတ်ကြောင်းသိရသည်။

တေဇ

Leave a Reply