Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

မွန်အမျိုးသားပါတီ(MMP) ဒုတိယကြိမ် ညီလာခံကို လာမည့် ၂၀၁၈ ခုနှစ် ဧပြီလနောက်ဆုံးထားပြီးကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်က အဆိုပါပါတီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြသည်။

ယင်းပါတီဝင် ၁၈ မြို့နယ်ရှိကာ ၂၀၁၈ နှစ်စမှ ဖေဖော်ဝါရီအထိ ကျေးရွာအဆင့် ပါတီညီလာခံများကိုလည်းကောင်း၊ မတ်လတွင် မြို့နယ်အလိုက်ပါတီညီလာခံများကိုလည်းကောင်း ကျင်းပမည်ဖြစ်ပြီး ဧပြီလတွင် ပါတီဗဟိုညီလာခံကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီညီလာခံက အရေးပေါ်ညီလာခံ မဟုတ်ပါဘူး။ ပါတီရဲ့ ပုံမှန်ကျင်းပနေတဲ့ညီလာခံပါပဲ။ ဒါပေမယ့် ၅ နှစ်ပြည့်မှ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ နီးကပ်သွားမယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်နှစ်ထက်စောပြီး ကျင်းပတယ်”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ ၅ နှစ်တစ်ကြိမ် ညီလာခံကျင်းပရမည်ဖြစ်ရာ ယခု ကျင်းပမည့် ဒုတိယအကြိမ် ပါတီညီလာခံသည် တစ်နှစ်စောကျင်းပမည်ဖြစ်ပြီး မည်သည့်မြို့နယ်၊ မည်သည့်နေရာတွင် ကျင်းပသွားမည်ကို အသေးစိတ်မဖြေကြားပေးနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။

မွန်အမျိုးသားပါတီ (MMP) အနေဖြင့် ပါတီအတွင်း စည်းလုံးညီညွတ်ရေး၊ မွန်အမျိုးသားကိုယ်စားပြု ခိုင်မာကျစ်လျစ်သော နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒုတိယအကြိမ် ညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း နိုင်လယီတမက ရှင်းပြသည်။

အဆိုပါညီလာခံတွင် ပါတီ၏ နိုင်ငံရေး မူဝါဒသဘောထားများ၊ လုပ်ငန်းစဉ်များ၊ ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတို့ကို ပြန်လည်သုံးသပ်ပြီး မြန်မာ့နိုင်ငံရေးနှင့် မွန်လူမှုအဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တု့ိကို အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပါတီဦးဆောင်အဖွဲ့ကိုပြန်လည်ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု နိုင်လယီတမက ပြောသည်။

မွန်အမျိုးသားပါတီ(MNP)၏ ပထမအကြိမ်ညီလာခံကို မော်လမြိုင်မြို့ရှိ ပါတီဗဟိုဌာနချုပ်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် တက်ရောက်ပြီး မိန့်ခွန်းများ ပြောကြားခဲ့သည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply