Advertisements

မော်လမြိုင်၊ ဇွန် ၁၀

မွန်နိုင်ငံရေး ပါတီ တစ်ခု ဖြစ်လာမည့် မွန်အမျိုးသား ကိုယ်စားပြု ပါတီသည် လာမည့် ဇူလိုင် လဆန်းပိုင်း၌ တရားဝင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီတည်ထောင်လိုသူများ အစုအဖွဲ့ ခေါင်းဆောင် နိုင်တလညီက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။

ပါတီ မှတ်ပုံတင်ရန်အတွက် ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံတွင် ဆုံးဖြတ်ထားပြီးသား ဖြစ်၍ လိုအပ်သည့် အချက်အလက်များကို စုဆောင်းနေပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

 “ပါတီ နာမည်ကျတော့ မွန်အမျိုးသားညီလာခံကနေ ဆုံးဖြတ်ထားတဲ့ မွန်အမျိုးသားကို်ယ်စားပြုပါတီနဲ့ပဲ မှတ်ပုံတင်သွားမယ်”ဟု နိုင်တလညီက ဆိုသည်။

ယခုအခါ မွန်နိုင်ငံရေး ပါတီများဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို ပါဝင်လာနိုင်ရေးအတွက် ပါတီတည်ထောင်လိုသူ ၂၁ ဦးအဖွဲ့မှ အဖွဲ့ဝင် ငါးဦးကို တာဝန်ပေးထားပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ၎င်းက ပြောသည်။

မွန်အမျိုးသား ကိုယ်စားပြု ပါတီ ထူထောင်ခြင်းနှင့် ပတ်သက်ပြီး ဟင်္သာမီဒီယာက မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော့်အနေနဲ့ သူတို့ ပါတီထောင်ခြင်း မထောင်ခြင်း အပေါ်မှာ သဘောထား မှတ်ချက်ပေးစရာ မရှိပါဘူး”ဟု ဆိုသည်။

သို့သော် ပါတီစုံ ဒီမိုကရေစီခေတ်၌ မည်သူမဆို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ကိုက်ညီလျှင် ပါတီထူထောင်ခွင့်ရှိကြောင်းနှင့် မွန်ပါတီသစ် ရှိ သင့် မရှိသင့်ကို မွန်ပြည်သူများကသာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ပါတီပေါင်းစည်းရေးအတွက် ဇွန်လအတွင်း တွေ့ဆုံရန် စီစဉ်ထားသည်။

မွန်အမျိုးသား ကိုယ်စားပြုပါတီသစ် ဖွဲ့စည်းနိုင်ရန် မော်လမြိုင်မြို့သာသနာ ၂၅၀၀ကျောင်းတိုက်တွင် ယခုနှစ်အတွင်း မွန်သံဃာတော်များ အပါအဝင် မွန်နိုင်ငံရေး လှုပ်ရှားသူတို့မှ ဦးဆောင်၍ ညီလာခံ နှစ် ကြိမ်တိုင်တိုင် ကျင်းပပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Written by ဂေထော

Advertisements
<

Leave a Reply