မော်လမြိုင် ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှာ စက်သုံးဆီအရာင်းဆိုင်လုပ်ငန်းလုပ်ကိုင်လိုသူ များအနေဖြင့် ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်များကို ထုတ်ပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန မွန်/ကရင်ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးမောင်မောင်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျေးလက်ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးရွာနေပြည်သူများ စက်သုံးဆီကို အလွယ်တကူဝယ်ယူရရှိနိုင်စေရေး နှင့် တရားမဝင်စက်သုံးဆီအရောင်းဆိုင်ပပျောက်စေရေးတို့အတွက် ကျေးလက်ဒေသစက်သုံးဆီအရောင်းဆိုင် လိုင်စင်ထုတ်ပေးရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနမှ အမိန့်စာထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်ထိ ကျေးရွာစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလုပ်ကိုင်သူများက လိုင်စင်လျှောက်ထားနိုင်စေရေး အတွက် လာရောက်စုံစမ်းသည့်သူများသာ ရှိသေးပြီး
လိုင်စင်လာရောက်လျှောက်ထားသူများ မရှိသေးသည့် အတွက် မိမိတို့ လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဦးမောင်မောင်က ဆိုသည်။

“ကျွန်တော်တို့ထင်တာက ဒီအမိန့်စာက ကျေးရွာနေပြည်သူလူထု လုပ်ငန်းလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ မသိသေးလို့လား မသိလို့ သူတို့များ မလာကြတာလား ဒီလိုပဲ ကျွန်တော်တို့ ရဲ့အသိပေးတဲ့သတင်းအချက်အလက်တွေကို သူတို့ဆီမရောက်တာလား”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှာ စက်သုံးဆီအရာင်းဆိုင်လုပ်ငန်းလုပ်ကိုင်လိုသူ များအနေဖြင့် ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင် လိုင်စင်များကို လျှောက်ထားလိုပါက မွန်/ကရင် ပြည်နယ်ရေးအရာရှိရုံးသို့ လာလျှောက်ထားနိုင်ပြီး လိုင်စင်ရရှိရေးအတွက် လျှင်မြန်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန မွန်/ကရင်ပြည်နယ်ရောင်းဝယ်ရေးအရာရှိက ဆိုသည်။

“ဒီလိုခွင့်ပြုပေးတာ ကောင်းတယ် ဒါပေမယ့် ကျွန်မတို့က ဘယ်လိုလျှောက်ရမလဲဆိုတာ မသိလို့ မလျှောက်ရသေးတာ ကျွန်မတို့က လိုင်စင်လျှောက်ချင်တာပေါ့လေ လိုင်စင်ရှိရင် အလုပ်သိပ်မရှုပ်ရဘူး”ဟု ဒေါ်ညိုက ပြောသည်။

မွန်ပြည်နယ်တွင် ကျေးရွာစက်သုံးဆီအရောင်းဆိုင်ဟုတ်ဘဲ လိုင်စင်ရ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်(ဆိုင်ကြီး) နှင့် အဆိုပြုလျှောက်ထားဆဲ စက်သုံးဆီအရောင်းဆိုင်မှာ ၁၈၆ ဆိုင် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန မွန်/ကရင်ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံးထံမှ သိရသည်။

ရွှေရိုး

Leave a Reply