မော်လမြိုင်၊ သြဂုတ် ၅

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် သြဂုတ် ၃ ရက်မှ ၇ ရက်အထိ ငါး ရက်ဆက် မိုးပိုရွာနိုင်၍ ရွာချိန် ရာခိုင်နှုန်းပြည့် ဖြစ်နိုင်ကြောင်း မွန်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သြဂုတ် ၃ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

ဇူလိုင်လလယ်လောက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်း၌ ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပွားသော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ရန်ရှိကြောင်း မွန်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဌေးက ပြောကြားသည်။

“ရေတွေကြီးတာလည်း မပြောနဲ့လေ မိုးတွေကလည်း ဆက်တိုက်ပဲရွာနေတာကိုး ၊ မွန်ပြည်နယ်ရဲ့ မိုးရေချိန်လက်မတွေကို ကြည်တာနဲ့ သိနိုင်တယ်လေ၊ အခုလည်း ဆက်ရွာဖို့ရှိသေးတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် သြဂုတ်လအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်များမှာ မော်လမြိုင်မြို့ ၄ ဒသမ ၅၇လက်မ၊ မုဒုံမြို့၌ ၃ ဒသမ ၄၆လက်မ၊ ဘီးလင်းမြို့၌ ၃ ဒသမ ၅ဝလက်မ၊ ပေါင်မြို့၌ ၄ ဒသမ ၂၉လက်မနှင့် ကျိုက်မရောမြို့နယ်၌ ၅ ဒသမ ၂၄လက်မ ရွာသွန်းခဲ့ကြောင်း ဆက်လက်ပြောသည်။

ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလာပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း လာနိုင်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် အားအလွန်ကောင်းလာနိုင်ကြောင်း တိုင်းတာချက်တွင် ဖော်ပြထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက် နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်။ မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်အထိ တိုက်ခတ်နိုင်သည်။

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ပေမှ ၁ဝပေခန့် ရှိနိုင်သည်။

Written by ထိုက်ထိုက်

Leave a Reply