မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးယဉ်ကျေးမှု ဗဟိုဌာနကိုမော်လမြိုင်နှင့် အနီးတစ်ဝိုက်တွင်  တည်ဆောက်နိုင်ရန် အစိုးရကို တိုက်တွန်းထားကြောင်း မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဥက္ကဋ္ဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။

ယဉ်ကျေးမှု  အမွေအနှစ်များထိန်းသိမ်းထားနိုင်ရေး၊ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးနှင့်အများပြည်သူလေ့လာနိုင်ရန်ရည်ရွယ်ပြီးယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်တိုက်တွန်းရခြင်း ဖြစ်ကြောင်းဦးထွန်းမင်းအောင်က ဆိုသည်။

အဆိုပါ ယဉ်ကျေးမှုဗဟိုဌာနတွင် တိုင်းရင်းသားအငွေ့အသက်များ၊ အစားအစာများ၊ တိုင်းရင်းသားများနှင့်ဆက်နွယ်တူရိယာအကအလှများဖြင့် တင်ဆက်ပြသသည့် နေရာတစ်ခုဖြစ်လာစေရန်ရည်ရွယ်ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။

အဆိုပါ မွန်၊ ကရင်၊ ပအိုဝ်းယဉ်ကျေးမှုဌာနတည်ဆောက်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ထံတွင် မြေနေရာကိုးဧကနှင့်  ၂၀၁၉ – ၂၀၂၀  ဘတ်ဂျက်တွင်သိန်း၆ထောင်ထည့်သွင်းပေးရန် စာပေးပို့ထားကြောင်းသိရသည်။

“လမ်းတွေလုပ်နေတာတောင်မှ တချို့လမ်းတစ်လမ်းဆို အများကြီးလေ၊ တချို့ပရောဂျက်တွေလည်း လုပ်နေတယ်၊ ဒါက တိုင်းရင်းသား ချစ်ခင်ဖို့လည်းဖြစ်တယ်၊ရေရှည်အတွက်လည်း ဖြစ်တယ်” ဟု ဦးထွန်းမင်းအောင်က ဆိုသည်။

ထို့အပြင် တိုင်းရင်းသားစာပေများ သင်ကြားခြင်းနှင့် တိုင်းရင်းသားရိုးရာပွဲများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

ထိုယဉ်ကျေးမှုဗဟိုဌာနကိုအစိုးရမှစီမံခန့်ခွဲမည်ဖြစ်ပြီး အစိုးရထံတွင်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မတ်လ ၁၁ ရက်နေ့တွင် မြေတောင်းခံထားသော်လည်း  အစိုးရမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ယဉ်ကျေးမှုဗဟိုဌာနတည်ဆောက်ခြင်းကို မတ်လ ၅ ရက်တွင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာကော်မတီအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် အစိုးရကိုတိုက်တွန်းတောင်းဆိုထားသည်။

ရန်လင်းအောင်

Leave a Reply