( ဓါတ်ပုံ အညွန်း – ပဥ္စမအကြိမ် တိုးတက်သော မွန်လူငယ်များအဖွဲ့(MYPO)ညီလာခံ ပြုလုပ်နေစဉ် )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၂ ။ ။ မွန် နိုင်ငံရေးပါတီများ စည်းလုံးမှုမရှိသည့် အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းဖြစ် ကြောင်း တိုးတက်သော မွန်လူငယ်များအဖွဲ့(MYPO) ညီီလာခံ က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် လိုက်သည်။

( ဓါတ်ပုံ အညွန်း – ပဥ္စမအကြိမ် တိုးတက်သော မွန်လူငယ်များအဖွဲ့(MYPO)ညီလာခံ ပြုလုပ်နေစဉ် )
( ဓါတ်ပုံ အညွန်း – ပဥ္စမအကြိမ် တိုးတက်သော မွန်လူငယ်များအဖွဲ့(MYPO)ညီလာခံ ပြုလုပ်နေစဉ် )

ပဥ္စမအကြိမ် တိုးတက်သော မွန်လူငယ်များအဖွဲ့(MYPO)ညီလာခံကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၁ရက်နေ့ အထိ ရာမညရဋ္ဌ ဗုဒ္ဓ တက္ကသိုလ်ကျောင်း၌ ပြုလုပ်ခဲ့ ပြီး ယင်းသို့ ထုတ်ပြန် ခဲ့ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ နိုင်စိုက်ချမ်းအောင် က ပြောကြားသည်။

“မွန်ပါတီတွေ ဘာကြောင့် မဲကွဲရတယ်ဆိုတာ မွန်နိုင်ငံရေးအဖွဲ့အစည်းတွေ ညီညွှတ်မှု မရှိဘူးလို့ ကျွန်တော်တို့သုံးသပ်တာပေါ့နော်၊ လာမယ့်ရွေးကောက်ပွဲမှာ နောက်တစ်ခါ ဒီလို မဖြစ်ရအောင် မွန်နိုင်ငံရေးသမားတွေ၊ မွန်လူမျိုးများတွေ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်သွားရမလဲဆိုတာ ဒီညီလာခံမှာ ဆွေးနွေးသွားတယ်” ဟုနိုင်စိုက်ချမ်းအောင် ပြောသည်။

မွန်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီများ ပူးပေါင်းနိုင်မည့် နည်းလမ်းများကို အဆိုပါ ညီလာခံတွင် အလေးထား ဆွေးနွေးခဲ့သော်လည်း ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက ကြည့်ခြင်းအားဖြင့်တော့ မွန်ပါတီတွေ တစ်ပါတီတည်း ပူးပေါင်း စေချင်တယ်၊ တစ်ပါတီဖြစ်မှ အနိုင်ရမယ် ဒီအတိုင်းသွားနေရင်တော့ မွန်တွေအနိုင်ရမှာမဟုတ်ဘူး၊ ဒါပေမယ့် ပါတီအသစ်တစ်ခုထပ်လုပ်စေတဲ့ သဘောမျိုးတော့မဟုတ်ဘူး”ဟု မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းစိုးလင်းက ပြော သည်။

မွန်ပြည်သစ်ပါတီကလည်း မွန်သံဃာအဖွဲ့နှင့်ပူးပေါင်းပြီး မွန်နိုင်ငံရေးပါတီတွေ တစ်ခုတည်းဖြစ်ပေါ်လာရန် ဝိုင်းဝန်းကြိုးစားသွားမည်ဖြစ်ကြောင်းကို မွန်ပြည်သစ်ပါတီညီလာခံထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား ကြောင်း၎င်းက ပြောသည်။

“မွန်ပါတီ တွေ ပူးပေါင်းဖို့ကို အမြဲတမ်း လက်ကမ်းထားပါတယ်၊ ”ဟု အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင် ကပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၁၆ နေရာ၊ မွန်အမျိုးသားပါတီက သုံးနေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က တစ်နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တစ်နေရာ တို့ အနိုင်ရရှိထားသည်။

Leave a Reply