ယခုအပတ်အတွက် အနုပညာကဏ္ဍမှာတော့ မွန်အမျိုးသမီး ရောခ့်အဆိုတော်လိမ္မော်သီးရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုအခြေအနေများကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါတယ်။

00---orange--000 copy

ဟင်္သာမီဒီယာ။ ။ လက်ရှိမှာ အစ်မအနေနဲ့ ဘာအနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေလဲ။
လိမ္မော်သီး။ ။ ဒီလမှာ ကျိုက်ထိုစိမ်းလဲ့တင်မှာ ကြော်ငြာရိုက်ပေးထားတယ်။ နောက်ပြီးတော့ ၇ လပိုင်းမှာ မန္တလေးသွားမယ်။ဒီရက်ပိုင်းအတွင်းမှာ ဒဏ်ရာနှလုံးသား အခွေကို MTV ရိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဂျာနယ်တွေ မဂ္ဂဇင်းတွေ Cover ဓာတ်ပုံတွေရိုက်ပေးဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ သီချင်းခွေ ဘယ်နှစ်ခွေလောက်ထွက်ထားပြီးပြီလဲ။
လိမ္မော်သီး။ ။ အခုလောလောဆယ်တော့ မြန်မာခွေ နှစ်ခွေတော့ ထွက်ထားပြီးပြီ။ ပထမအခွေက လိမ္မော်ရောင်စိတ်ကူးများ၊ ဒုတိယအခွေကျတော့ ဒဏ်ရာနှလုံးသား ဖြစ်တယ်။ ဒုတိယအခွေကိုကျတော့ ၂၀၁၆ မတ်လ ၆ ရက်နေ့မှာ ထုတ်ခဲ့တယ်။

ဟင်္သာမီဒီယာ။ ။ အခုနှစ်ခွေထွက်ပြီးပြီဆိုတော့ နောက်ပိုင်းမှာ မွန်ဘာသာနဲ့ သီဆိုတဲ့ တေးစီးရီးထုတ်ဖို့အတွက် အစီအစဉ်ရှိလား။
လိမ္မော်သီး။ ။ အဖွားတွေက ကျုံဝမ်းရွာ၊ ကျိုက်မရောကပါ၊ အမျိုးတွေက ကျုံဝမ်းရွာမှာ ရှိနေတယ်။ သမီးတို့က ရန်ကုန်မှာ မွေးလာတာပါ။ ဒါပေမယ့် မွန်အခွေတွေ ထုတ်ဖို့က ဆန္ဒပဲရှိတယ်။ ထုတ်ဖို့ကျတော့လည်း အခက်အခဲတွေရှိတာပေါ့နော်။

ဟင်္သာမီဒီယာ။ ။ အဲတော့ မွန်ဘာသာနဲ့သီဆိုတဲ့ တေးစီးရီးခွေထုတ်ဖို့ ဘယ်လိုစဉ်းစားထားတာမျိုးရှိလဲ။
လိမ္မော်သီး။ ။ လုပ်ချင်တဲ့ဆန္ဒတော့ရှိတယ်။ ဘာသာစကားတွေကို အဆင်ပြေပြေနဲ့ ဆိုရတာ ပိုကောင်းတာပေါ့။ အချိန်လေးတစ်ခုတော့ ယူရမယ်။

ဟင်္သာမီဒီယာ။ ။ အစ်မအနေနဲ့ မွန်အဆိုတော်တွေနဲ့ တွဲဆိုဖူးတယ်ပေါ့နော်။ ဘယ်နှစ်ယောက်နဲ့ဆိုထားတာရှိလဲ။
လိမ္မော်သီး။ ။ သမီးက မွန်လိုစကားပြောကြမယ်ဆိုတဲ့သီချင်းကို အဆိုတော် ရာမာဉ်နဲ့ဆိုထားတယ်။ အဲဒါတော့ တော်တော်များများသိတာပေါ့နော်။ နောက်တစ်ပုဒ်ကတော့ အဆိုတော် ကိုမင်းသက္ကအခွေမှာ ဘုရားသီချင်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ မြန်မာနဲ့မွန်လို တစ်ပုဒ်ဆိုထားပေးတယ်။

ဟင်္သာမီဒီယာ။ ။ ဒီနှစ်ထဲမှာ မွန်ပြည်နယ်ကို လာရောက်ဖျော်ဖြေဖို့ အစီအစဉ်ရှိလား။
လိမ္မော်သီး။ ။ ဒီနှစ်မှာ မိုးတွင်းလည်းရောက်နေတော့ မော်လမြိုင်ဘက်မှာတော့ မရောက်ဖြစ်သေးဘူး။ မိုးတွင်းကာလမှာ မလာဖြစ်ပေမယ့် လာမယ့် နွေကျရင်တော့ မပြောတတ်သေးဘူး။ အရင်ကဆိုရင် မွန်ပြည်နယ် ခဏခဏရောက်တယ်။ အခုနောက်ပိုင်းမအားတာနဲ့ ပွဲတွေတိုက်နေတာနဲ့ သိပ်မရောက်ဖြစ်ဘူး။

ဟင်္သာမီဒီယာ။ ။ ဒီဂီတအနုပညာအပြင် ဓာတ်ပုံမော်ဒယ်လ်လည်း လုပ်တယ်နော်။ ဘယ်အပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားလဲ။
လိမ္မော်သီး။ ။ အစ်မက သီချင်းဆိုရတာကို ပိုပြီးတော့ ဝါသနာပါတယ်။ ဓာတ်ပုံရိုက်တာတော့ ဒီအနုပညာလုပ်နေရင်းနဲ့ပဲ အားလုံးက ဆက်စပ်နေတော့ ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းလာတဲ့အခါကျတော့ ကိုယ်နဲ့ ခင်မင်နေတဲ့လူတွေကို ရိုက်ပေးဖြစ်တာပါ။

ဟင်္သာမီဒီယာ။ ။ ဓာတ်ပုံမော်ဒယ်လ်လုပ်တာနဲ့ သီချင်းဆိုတာ ဘယ်ဟာက ပိုခက်ပြီး ဘယ်လိုတွေကွာခြားလဲ။
လိမ္မော်သီး။ ။ သူ့အခက်အခဲနဲ့သူ သူ့ပညာနဲ့သူရှိတာပေါ့နော်။ သမီးက သီချင်းဆိုတဲ့နေရာမှာ ပိုပြီးဝါသနာပါတဲ့အခါကျတော့ သီချင်းဆိုရတာ အရမ်းကြီးအခက်အခဲ မဟုတ်ဘူး။ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့ဆီမှာ ကျတော့ ကိုယ်ကမနေတတ်တာတို့ Post မပေးတတ်တာတွေရှိတယ်။ Photo Model လုပ်ရတာ အစပိုင်းမှာ အခက်အခဲတွေရှိတယ်။ နောက်ပိုင်းကျတော့ ဒီလိုပဲ အလုပ်က သင်သွားပေးတာပေါ့နော်။ ကိုယ်ကလည်း လေ့လာမယ်။ လုပ်တတ်အောင် လေ့ကျင့်မယ်။ နောက်ပိုင်းဆိုရင် တဖြည်းဖြည်းနဲ့ လွယ်လာမှာပေါ့နော်။ အဓိကတော့ ဝါသနာပါရင် ပိုကောင်းတယ်။ အမှန်အတိုင်း ပြောရရင် တော့ အနုပညာနှစ်ခုလုံးက သူ့ဟာနဲ့သူ ဆက်စပ်နေတာပဲ။ သူ့ဟာနဲ့သူလည်း အခက်အခဲလေးတွေ ရှိတယ်။ အများကြီးတော့လည်း မကွာခြားဘူး။

ဟင်္သာမီဒီယာ။ ။ မလိမ္မော်သီးအနေနဲ့ ဂီတလောကထဲမှာ ဖြတ်သန်းတဲ့နေရာမှာ ဘယ်အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလဲ။
လိမ္မော်သီး။ ။ အခက်အခဲတွေက နေရာတိုင်းမှာ ရှိပါတယ်။ ဒီလိုပါပဲ မွန်မြန်မာသီချင်းတစ်ပုဒ် လည်း ဆိုဖူးတာပေါ့နော်။ NLD အောင်နိုင်ရေးအတွက် မွန်ဘာသာလို မွန်ကောင်လေးတစ်ယောက်နဲ့တွဲပြီး ဆိုထားဖူးတယ်။ ဘယ်လိုပြောရမလဲ မွန်ဘာသာနဲ့ဆိုရတာလည်း အခက်အခဲရှိတယ်။ ကြိုးစားတာလည်း သူ့ဟာနဲ့သူအခက်အခဲလေးတွေ ရှိတာပေါ့နော်။ ဒါပေမယ့် နှစ်ဖက်စလုံးမှာ ကြိုးစားတာပေါ့။ မွန်သီချင်း တွေလည်း ဆိုချင်တာပေါ့။ ဘာသာစကားတစ်ခုကို သီချင်းအနေနဲ့ ဆိုရတာ အခက်အခဲလေးတွေ ရှိတယ်။ ကိုယ်ဆိုနိုင်သလောက်တော့ မွန်သီချင်းလေးတွေ ဆိုဖြစ်တယ်။ အဲလိုမျိုးပဲ တစ်ပုဒ်တလေဆိုဖြစ်တယ်။ အခွေထုတ်ဖို့သာ အခက်အခဲရှိပေမယ့် တစ်ပုဒ်နှစ်ပုဒ်လောက်ဆိုဖို့က အစီအစဉ်ရှိတယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်က အနုပညာလမ်းကြောင်းကို ရွေးချယ် လျှောက်လှမ်းချင်တဲ့သူ တွေအတွက် ဘာအကြံပြုချင်လဲ။
လိမ္မော်သီး။ ။ အစ်မလည်း ကြိုးစားနေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုတော့ ဘယ်အရာမဆို ပိုပြီးတော့ အောင်မြင်နိုင်မယ် ပိုပြီးတော့ ခံနိုင်ရည်ပိုရှိတာပေါ့နော်။ ဘယ်အရာမဆို ကြိုးစားရတာပေါ့နော်။ သူ့နေရာနဲ့သူ အခက်အခဲလေးတွေ ရှိနေတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုရင် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အလုပ်ပဲဖြစ်ပါစေ။ အနုပညာကို တကယ်ဝါသနာပါရင် တကယ်သည်းခံပြီးတော့ တကယ်အဲဒီလိုကြိုးစားပြီးတော့ နေရာတစ်နေရာတော့ ရလာမှာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုရင် အားပေးပါတယ်။ အကူအညီလိုအပ်လို့ရှိရင် ကူညီပေးပါ့မယ်။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံးအနေနဲ့ မွန်ပြည်နယ်က အစ်မပရိသတ်တွေကို ဘာများပြောချင်ပါလဲ။
လိမ္မော်သီး။ ။ အစ်မက မွန်စကားကို များများမပြောတတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အစ်မက ရန်ကုန်မှာပဲမွေးတာပေါ့နော်။ ဒါပေမယ့် ငယ်ငယ်ကတည်းက နင်မွန်ဖြစ်ရမယ်လို့ ဘယ်သူမှ ရိုက်မသွင်းဘဲနဲ့ အရွယ်ရောက် လာတဲ့အချိန်မှာ ကိုယ့်လူမျိုးကို ကိုယ်ချစ်တာပေါ့နော်။ အစ်မရဲ့အနုပညာလောကမှာ ပထမဦးဆုံးအခွေ လိမ္မော်ရောင်စိတ်ကူးများမှာ မွန်ပုံစံပေါ့နော်။ မွန်ထဘီအစိမ်းရောင်နဲ့ ရိုက်ခဲ့တယ်။ အဲဒီတော့မှ အစ်မကို မွန်လူမျိုးဆိုတာ တော်တော်များများက သိကြတယ်။ အစက မွန်လူမျိုးမှန်း ဘယ်သူမှ မသိကြဘူး။ နောက်ပိုင်းကျတော့ ဦးရာမာဉ်နဲ့ ဆိုတဲ့သီချင်းမှာ မွန်လူမျိုးတွေက ပိုပြီးတော့ သိလာတယ်။ အစ်မကလည်း မွန်ပဲ။ အမေကလည်း မွန်အစစ်ပေါ့နော်။ အဖွားတွေ အကုန်လုံးက မွန်တွေပါ။ မွန်စကားကို အဲလောက်မတတ်ဘူး။ ဒါပေမယ့် မွန်တွေကို ချစ်တယ်။ အခုဆိုရင် ကိုယ့်အနေနဲ့ ဘယ်နေရာမဆို မွန်အရေးကိစ္စတွေအတွက် လုပ်ပေး နိုင်တာ အစွမ်းကုန်လုပ်ပေးတယ်။ နောက်ဆုံး အစ်မလုပ်ပေးနိုင်တာ ဘာရှိလဲဆိုတော့ အစ်မ ပွဲလမ်းသဘင် သွားတယ်။ ဘုရားသွားတယ်။ ကျောင်းတက်တယ်။ အဲ့မှာ မွန်ထဘီပဲ ဝတ်တယ်။ ဘယ်လိုပြောရမလဲ။ အများကြီးမလုပ်ပေး နိုင်ရင်တောင်မှ ကိုယ်ကအနုပညာသမားဖြစ်တော့ ကိုယ်ဝတ်တဲ့အဝတ် အစားတွေအပေါ်မှာ စိတ်ဝင်စားတဲ့ပရိသတ်တွေရှိတယ်လေ။ သူက ဘာဝတ်ထားလဲ ။အော် မွန်ထဘီဆိုတော့ မွန်ထဘီကလှလိုက်တာဆိုရင် လိုက်ဝယ်တဲ့လူတွေရှိတယ်။ ပြောချင်တာက ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးကို ချစ်တယ်။ ပရိသတ်တွေ လိုအပ်တဲ့အကူအညီတွေရှိရင် ပြောပါ။ ဘာပဲဖြစ်ဖြစ်ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ ရန်ကုန်မှာနေရင်းနဲ့ အမြဲတမ်းကူညီနိုင်တာတွေ ကူညီပေးမယ်။ အားပေးတဲ့အတွက် အရမ်းပဲကျေးဇူးတင်ပါတယ်။ ကိုယ့်လူမျိုးကို ချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်လည်း ဝမ်းသာပါတယ်။ အစ်မလုပ်နိုင်တာကတော့ သေတဲ့အထိ မွန်ထဘီကိုတော့ ဝတ်သွားမှာပါ။ ကိုယ့်လူမျိုးတစ်ယောက်အနေနဲ့ အားပေးတာ အများကြီးကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့ အားပေးပါဦး။ ချစ်ပေးကြပါဦးလို့ အားလုံးကို တင်ဂုဏ်ရ(ကျေးဇူးတင်ပါတယ်)။

Leave a Reply