Advertisements

မော်လမြိုင်၊ မေ

ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ကြားနိုင်ရန်အတွက် မွေးစာရင်း မရှိလည်း ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှုုးရုံးမှ ဒုတိယညွှန်ကြားရေးမှုုး (ပညာ) ဒေါ်အေးမြင့်သန်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အခု ယာယီလာ အပ်တဲ့အခါကျတော့ မွေးစာရင်းမရှိလို့ လက်ခံထားပေးမယ်”ဟု ၎င်းက ဆိုသည်။ သို့သော် ကျောင်းအပ် လက်ခံပြီးပါက မိဘများက ၎င်းတို့၏ တာဝန်အရ မွေးစာရင်းရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဒေါ်အေးမြင့်သန်းက ပြောသည်။

မွေးစာရင်းအလွယ်တကူ ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မွေးစာရင်း၊ သန်းခေါင်စာရင်းများလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းအပ် ရက်သတ္တပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကျောင်းနေ အရွယ် ကလေးများ အားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရန် မွေးစာရင်း၊ သန်းခေါင်စာရင်းများကို ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တို့မှ ကျောင်းမဖွင့်မီ ပူးပေါင်းဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။

ထို့အပြင် ကျောင်းအပ်နှံ ခြင်း၌ KG တန်းကလေးများကို ကျောင်းဝတ်စုံတစ်စုံ၊ မူလတန်း အဆင့် Grade 1 တန်းကို ကျောင်း ဝတ်စုံတစ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်တစ်စုံအပါအဝင် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျန်အခြေခံပညာအတန်းများကို ကျောင်းသုံး ပုံနှိပ်တစ်စုံ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

ဆရာ ၊ ဆရာမများအနေဖြင့်လည်း ကျောင်းဖွင့် ကာလ တစ်နှစ်တာလုံး မည်သည့်ငွေကြေးမှ ကောက်ခံခြင်းမပြုရကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှစ၍ ပညာရေး စနစ်သစ်ကို KG တန်းဖြင့် စပြောင်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မူလတန်းအဆင့် Grade 1နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ Grade 2 အတန်းများကို စနစ်သစ်ဖြင့် သင်ကြားပြောင်းလဲခဲ့သည်။

ကျန်သည့်အခြေခံ အတန်းများသည် စနစ်ဟောင်းအတိုင်း သင်ကြားသွားမည်ဖြစ်သည်။

Written by ဂေထော

Advertisements
<

Leave a Reply