Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် မွေးမြူရေး လုပ်ငန်းမှ အကျိုးအမြတ်ရရှိမှု နည်းပါးလာသဖြင့် လုပ်ကိုင်သူ ယခင်နှစ်ထက် လျော့နည်းလာကြောင်း ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးညိုမင်းက ပြောကြားသည်။

ဧပြီလအတွင်း၌ အသားစားကြက်နှင့် ဥစားကြက်တို့တွင် ဖြစ်တတ်သော ကြက်လေပြွန်ရောင်ရောဂါ ဖြစ်ပွားခဲ့ရာ မွေးမြူရေးခြံသမားများ နစ်နာဆုံးရှုံးခဲ့ကြသောကြောင့် မွေးမြူသူ လျော့နည်းလာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

 “မွေးမြူသူတွေအတွက်က အကျိုးအမြတ်မရခဲ့ဘူးလေ၊ ကြက်ဈေးတက်တဲ့ ပွဲတော်ချိန်မှာ ရောဂါဖြစ်တော့ ဈေးမရတဲ့အပြင် ရှုံးကြတယ်၊ ဈေးကွက်အနေအထားအရတော့ အလားအလာ သိပ်မကောင်းနိုင်ဘူးပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် အသင်းအနေဖြင့် မွေးမြူရေးလုပ်ကိုင်သူများကို ရာသီချိန်အလိုက် မွေးမြူရေးလုပ်ဆောင်နိုင်ရန်သာ ကူညီနိုင်ပြီး ဈေးကွက်တည်ငြိမ်ရန်နှင့် ကုန်ချောအဆင့်ထိ ထုတ်လုပ်နိုင်ရန် အစိုးရမှ ပံ့ပို့ ကူညီသင့်ကြောင်း ဦးညိုမင်းက အကြံပြုပြောဆိုသည်။

မော်လမြိုင် အသားဈေးကွက်တွင် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် အအေးခဲ အသားများကြောင့်လည်း မွေးမြူရေး လုပ်ငန်းရှင်များ အခက်တွေ့နေသည့်အပြင် ရှုံးနှင့်ပါ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

မွေးမြူရေးလုပ်ငန်းတစ်ခုတည်း လုပ်ကိုင်ပါက စားဝတ်နေရေး အခက်အခဲဖြစ်နိုင်ကြောင်း မော်လမြိုင်၊ လှိုင်ရပ်ကွက်မှဘဲ၊ ကြက် မွေးမြူသူ ဦးအောင်မင်းက ပြောကြားသည်။

“တပေါင်း၊တခူး ပွဲတော်တွေကို မှီပြီးတော့ ကြက်ဈေးက တက်လေ့ရှိတယ်။ ဒီနှစ်တော့ အဲဒီမျှော်လင့်ချက် တွေလည်း မရခဲ့ဘူး။ မိုးတွင်းလည်း ရောက်ပြီဆိုတော့ အကျိုးအမြတ်ရဖို့ မရှိ တော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။

မွေးမြူရေးဈေးကွက်ပြန်လည် တည့်မတ်လာစေရန်အတွက် အစိုးရအဖွဲ့များအနေဖြင့် ကွင်းဆင်းလေ့လာပြီး ကူညီမှုများပေးသင့်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ကြက်၊ ဝက်၊ ဥစားကြက်၊ ငုံးနှင့် ငါးမွေးမြူရေးလုပ်ငန်းကို အတည်တကျ လုပ်ကိုင်သူ ၄၅ရာခိုင်နှုန်းရှိပြီး ဈေးအတက်အကျပေါ်မူတည်ပြီး မွေးမြူရေးလုပ်ကိုင်သူ ၁၅ရာခိုင်နှုန်းခန့်ရှိကြောင်း မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply