မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တွင် သြဂုတ်လ တစ်လအတွင်း မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော် စစ်ဆေးတွေ့ရှိကြောင်း မွန်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယ.ထ.က) ထံမှ သိရသည်။

tranfic-police

ထို့သို့ စစ်ဆေးခြင်းကို မွန်ပြည်နယ်(ယ.ထ.က)၊ မော်လမြိုင်(ယ.ထ.က)နှင့် စင်းလုံးငှားယာဉ်(ယ.ထ.က)တို့ ပူးပေါင်း၍ သြဂုတ်လတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မှတ်ပုံမတင်ထားသော ယာဉ်များမှာ ဒဏ်ငွေပေးဆောင်ရကြောင်း မွန်ပြည်နယ် (ယ.ထ.က) အတွင်းရေးမှူး ဦးကျော်ဝင်းမောင် ကပြောသည်။

အသင်းဝင် မှတ်ပုံတင်ထားသော်လည်း လစဉ်ကြေး တစ်လလျှင် ၂၅၀ဝ ပေးသွင်းရန် ပျက်ကွက်သည့် ယာဉ်များမှာလည်း ဒဏ်ငွေပေးဆောင်ရကြောင်း ၎င်းက ပြောဆိုသည်။

“အဓိကကတော့ ဒဏ်ငွေပေးဆောင်တာထက် ဥပဒေကို လိုက်နာစေချင်တာပါ” ဟု ဦးကျော်ဝင်းမောင် ကဆိုသည်။

မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသော မော်တော်ယာဉ်များ အနေဖြင့် ယာဉ်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်မှုရှိစေရန် ပုံမှန်စစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာနှင့် အောက်တိုဘာလများတွင် မအားလပ်၍ မစစ်ဆေးနိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ယာဉ်တွေက လိုင်စင်အမဲနဲ့လည်း ပြေးဆွဲနေကြတယ်။ အခုလိုလုပ်တာကောင်းပါတယ်။ ဒါမှယာဉ်တွေလည်း စည်းကမ်းလိုက်နာမှာပါ ” ဟု သံဖြူဇရပ်နှင့် မော်လမြိုင် ပြေဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်း ဦးဝင်းမျိုးက ဆိုသည်။

မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များတွင် အသင်းဝင်ပြေးဆွဲခွင့်နှင့် မှတ်ပုံတင်ထားပြီး လစဉ်ကြေးပေးသွင်းရန် ပျက်ကွက်သူများ၊ မှတ်ပုံမတင်ဘဲ ပြေးဆွဲသော ယာဉ်များကို ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ငါးထောင်ကျပ် သတ်မှတ်ထားပြီး စည်းကမ်းချိုးဖောက်မှု ပိုများလာပါက သတ်မှတ်ဒဏ်ကြေးထက် ပိုမို ပေးဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် (ယ.ထ.က) ထံမှ သိရသည်။

Leave a Reply