မော်လမြိုင် အောက်တိုဘာ

ဗီယက်နမ်မှ ငရုတ်ကောင်းများ မှောင်ခိုဝင်ရောက်လာမှုကြောင့် ပြည်တွင်းငရုတ်ကောင်း ဈေးထက်ဝက်ကျော်ကျဆင်းလာကြောင်း ငရုတ်ကောင်းစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

“ဗီယက်နမ်က တရုတ်နယ်စပ်နှင့် ယိုးဒယားနယ်စပ်ကနေတစ်ဆင့် ပြန်သွင်းနေလို့။ ဒီနိုင်ငံရဲ့ပြည်တွင်းလိုအပ်ချက်ရှိနေတာကို ပို့နေတော့ ပြည်တွင်းမှာဈေးတအားကျသွားတာ” ဟု ကော့ကရိတ်မြို့နယ်မှ ငရုတ်ကောင်းစိုက်ပျိုးသူ ကိုအောင်ဆန်းဦးကပြောသည်။

လွန်ခဲ့သည့် ၂ နှစ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိရာမှ ယခင်နှစ်မှစ၍ ဗီယက်နမ်မှ အရည်အသွေးနိမ့် ငရုတ်ကောင်းများ တစ်ပိဿာ ၇၀၀၀ ကျပ်ဖြင့် တင်သွင်းလာမှုကြောင့် မြန်မာငရုတ်ကောင်းများလည်း ၈၅၀၀ ကျပ်အထိ ဈေးကျသွားသည်ဟု ၎င်းကပြောသည်။

“တရားသော ယှဉ်ပြိုင်မှုမဟုတ်ဘူး။ အကောင်းပို့ပြီးတော့ အကောင်းချင်း ယှဉ်ပြိုင်မယ်ဆိုရင် လက်ခံသေးတယ်။ အခုက reject တွေပို့ပို့ပြီးတော့ လာယှဉ်နေတယ်။ တောင်သူတွေကတော့ ခံနေရတယ်” ဟု ၎င်းကဆက်ပြောသည်။

မြန်မာငရုတ်ကောင်းများသည် ဗီယက်နမ်ကို အရည်အသွေးပိုင်းတွင် ကျော်နိုင်သော်လည်း ဈေးကွက်အရ မကျော်နိုင်ကြောင်း၊ အစိုးရအနေဖြင့် မှောင်ခိုဝင်ရောက်နေမှုကို တားဆီးပေးပါက တောင်သူများ ပြန်လည်အဆင်ပြေလာမည်ဟု ၎င်းကဆိုသည်။

“အခုက မလှောင်ရဲတဲ့ အကြောင်းရင်းက ဝယ်ပြီးရှုံးသွားရင် ဘယ်လိုလုပ်မလဲ” ဟု မော်လမြိုင်မြို့မှ သီးနှံကုန်သည် ဦးမောင်သောင်းကပြောသည်။

ယခင်က ငရုတ်ကောင်းများ ဝယ်လှောင်ခဲ့သော်လည်း ဈေးကျသွား၍ တစ်ပိဿာ ၃ ထောင်ခန့်ဆုံးရှုံးသွားပြီးနောက်ပိုင်း သိုလှောင်ထားခြင်းမပြုတော့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၌ မွန်၊ ကရင်၊ ရခိုင်နှင့် တနင်္သာရီတို့တွင် ငရုတ်ကောင်း အများဆုံးစိုက်ပျိုးဖြစ်ထွန်းသည်။

ကမ္ဘာပေါ်တွင် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံများသည် ငရုတ်ကောင်းအများဆုံး စိုက်ပျိုးသောနိုင်ငံများဖြစ်ပြီး ဗီယက်နမ်မှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်ကြောင်းသိရသည်။

စန္ဒာဉာဏ်

Leave a Reply