Advertisements

ဘားအံ ၊ ဖေဖော်ဝါရီ

ကရင်ပြည်နယ်အတွင်း ယခင်အစိုးရလက်ထက်များက လယ်သိမ်းမြေသိမ်း ပြဿနာများကို တိုင်ကြားထားမှုမှာ ၂၀၁၇ဒီဇင်ဘာလလယ်ထိ ၁၆၆ မှု ရှိခဲ့သည့်အနက် ၇၆မှုကို အပြီးဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွန်ကြားရေးမှုး ဦးမင်းမင်းက ပြောသည်။

“ကရင်ပြည်နယ်အနေနဲ့ မြေယာ အမှုပေါင်း ၁၆၆မှု ရှိတယ် ။ ဒု သမ္မတကြီး ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ ဗဟို လယ်စီ/မြေစီ စစ်ဆေးဆုံးဖြတ်ပြီးတဲ့ အမှုပေါင်းက ၇၆ မှု ဖြေရှင်းပေးနိုင်ခဲ့ပြီးဖြစ်တယ်” ဟု ဦးမင်းမင်းက ဆိုသည်။

ကရင်ပြည်နယ်တွင် ဘားအံနှင့် မြဝတီမြို့နယ်တို့၌ မြေယာသိမ်းဆည်းခံရမှုနှင့် မြေယာပြဿနာ အများဆုံးဖြစ်ပြီး တပ်မတော်တပ်ရင်းများမှ မြေယာသိမ်းဆည်းမှု ၂၇မှုရှိခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ အပြီးအပြတ်ပြန်လည်စွန့်လွှတ်သည့် အမှုများရှိသလို ဆက်လက်စိစစ်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်ကို တင်ပြထားသည့် အမှုတွဲများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

“နဘူးတောင်နားကျေးရွာမှာ ခမရ ၅၄၇၊ ၅၄၈၊ ၅၄၉ စစ်တပ် ၃ တပ်က ကျွန်တော်တို့ ဥယျာဉ်ခြံတွေအပေါ်မှာ စစ်တပ်တွေ တည်ဆောက်ခဲ့လို့ လယ်မြေ၊ ခြံမြေ၊ သီးပင်စားပင်နဲ့ အိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ မြေသိမ်းထားခဲ့တာကို ပြန်လည်စွန့်လွှတ်ပေးဖို့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တင်ပြတောင်းဆိုမှုတွေကြောင့် အစိုးရသစ်လက်ထက်မှာ ပြည်နယ်လွှတ်တော်မှာ အစားထိုးပေးအပ်ဖို့ ပြည်ထဲရေးဌာန တာဝန်ရှိသူက ဖြေကြားခဲ့ပြီး အခု အစားထိုးမြေကွက်တွေ ပြန်လည် အကွက်ဖော် စီစဉ်နေတာ တွေ့ရတယ်။ လက်ဝယ်တော့ ပြန်မရသေးဘူး ” ဟု မြေသိမ်းခံ နဘူးကျေးရွာသား စောအယ်စေးမူးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မြေယာပြဿနာ အမှုအများဆုံးမှာ ရန်ကုန်မြို့တွင် အမှုပေါင်း ၁သောင်းကျော်၊ မန္တလေး၊မကွေး၊စစ်ကိုင်း၊ပဲခူးတို့တွင် အမှုပေါင်း ၃၀၀ကျော်ခန့်ရှိပြီး ဖြေရှင်းပေးနိုင်မှုမှာ အနည်းငယ်သာရှိနေသေးကြောင်း၊ ကယားနှင့်ချင်းပြည်နယ်များတွင် ယင်းအမှု အနည်းငယ်သာ ရှိကြောင်း၊မွန်နှင့်ကရင်ပြည်နယ်တို့တွင် မြေယာပြဿနာအမှုတွဲများကို ၅၀ ရာခိုင်နှုန်းခန့်အထိ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

Written by ရာဟု

 

Advertisements
<

Leave a Reply