နိုဝင်ဘာ၂၀ရက်နေ့က သွားရောက်လည်ပတ်ခဲ့စဉ်

မော်လမြိုင်၊ နိုဝင်ဘာ ၂၈

ယခင်အစိုးရလက်ထက်က ယာယီပိတ်သိမ်းခဲ့သည့် မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ခြောက်ခုအနက် နှစ်ခုကို စမ်းသပ်လည်ပတ်ခွင့်ပေးအပ်ထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး ဒေါက်တာမင်းကြည်ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အရှေ့မြောက် ဆင်ဖြူတော်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ခနောက်စိမ်းသတ္တု ကြိတ်ခွဲသန့်စင် စက်ရုံကို အောက်တိုဘာပထမအပတ်တွင် လည်းကောင်း၊ မြန်မာရှင်းရှင်းမက်တယ် ခနောက်စိမ်း ကုမ္ပဏီ လီမိတက်၏ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံကို နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း စတင်လည်ပတ်ခွင့် ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ခနောက်စိမ်းစက်ရုံ နှစ်ရုံက အစိုးရကို စမ်းလည်ပတ်ဖို့ တင်လာတယ်။ ဒါနဲ့ ကျွန်တော်တို့က ပတ်ဝန်းကျင် ထိခိုက်မှု ပြန်စစ်လို့ရအောင် ပေးလည်လိုက်တာဖြစ်တယ်”ဟု ဝန်ကြီးက ဆိုသည်။

ယင်းသို့ စမ်းသပ်လည်ပတ်ခွင့်ပြုရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်ခြင်း ရှိ မရှိကို ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက တစ်လ နှစ်ကြိမ် သွားရောက် စစ်ဆေးကြမည်ဖြစ်ပြီး ထိခိုက်မှု ဖြစ်ပေါ်လာပါက ပြင်ဆင် ဆောင်ရွက်သင့်သည်များကို ပြန်လည် ပြင်ဆင်ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း၊ လည်ပတ်မှုလုပ်ငန်းစဉ်ကိုလည်း မှတ်တမ်းရယူထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်း စက်ရုံများမှ ထွက်ရှိသော အဆိပ်ငွေ့များကြောင့် ဒေသခံပြည်သူအချို့ မူးမေ့ခြင်း၊ ယားနာခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် စက်ရုံများကို ယာယီ ပိတ်သိမ်းထားခဲ့သည်။
ယခုစမ်းသပ်လည်ပတ်ခွင့်ပြုထားသည့် ခနောက်စိမ်းစက်ရုံများအနေဖြင့် အဆိပ်ငွေ့ထုတ်လွှတ်မှုကို ကာကွယ်နိုင်ခြင်း မရှိပါက လုံးဝ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

“စက်ရုံကထွက်တဲ့ အဆိပ်အငွေ့တွေက ပြည်သူတွေကို အန္တရာယ်ရှိမယ်ဆိုရင် ပေးလည်မှာ မဟုတ်ဘူး။ ဒီအငွေ့တွေ ဘယ်လိုမှ ရှင်းလို့ မရရင် လုံးဝ ပိတ်ပစ်မယ်”ဟု ၎င်းက ဆိုသည်။

ယာယီပိတ်သိမ်းထားသည့် စက်ရုံ ခြောက်ခုအနက် Golden Flagmast International ကုမ္ပဏီနှင့် စိုးသူဇာ ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံတို့ကလည်း စမ်းသပ်လည်ပတ်ခွင့် ပြုရန် ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ထားသည်။

Written by -ဇော်ထိုက်

Leave a Reply