ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သည့် ပြည်နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းကို ပြန်လည် စစ်ဆေးရန် အစီအစဉ် မရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

ဇွန် ၁ ရက်က ပြုလုပ်သည့် မွန်ပြည်နယ် အစိုးရ၏ ပထမတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများက ယခင်အစိုးရ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရန်ပုံငွေစာရင်းကို စစ်ဆေးရန် ရှိ မရှိ မေးမြန်းစဉ် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်လုပ်သွားတဲ့ စာရင်းတွေကို စိစစ်ဖို့ မရှိပါဘူး၊ ဒါက နိုင်ငံတော်က လုပ်ရမယ့် ကိစ္စဖြစ်တယ်၊ ပြည်ထောင်စု ကိစ္စဖြစ်တယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယခင်အစိုးရ၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများကို ပြန်လည် စိစစ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ညွှန်ကြားပါက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ စစ်လို့ ရှိရင်တော့ တစ်ယောက်မှ အပြင်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး၊ အဓိကကတော့ နည်းတာ များတာပဲ ကွာတယ်၊ မြေတွေကလည်း သိတဲ့အတိုင်းပဲ သူတို့ ယူသွားကြတယ်၊ လုပ်ကွက်တွေလည်း ကုန်ပြီး၊ စီးပွားရေး လုပ်ငန်းတွေလည်း ကုန်ပြီး”ဟု ၎င်းက ဆိုသည်။

မကွေးတိုင်းတွင် ယခင်အစိုးရလက်ထက်၌ ရေနံ လက်ယက်တွင်းလုပ်ငန်းမှ ရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ကျော် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအဝင် သက် ဆိုင်သူများကို အကြောင်းကြား၍ ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးက မကွေးတိုင်းဒေသကြီးအစိုးရအား ညွှန်ကြားခဲ့သည်။

Written by – ဇော်ထိုက်

Leave a Reply