မော်လမြိုင် ဇွန်၁၈

မော်လမြိုင်မြို့ ကမ်းနားလမ်းမှ ယခင်မြို့မတံတားနေရာရှိ My Mawlamyine စားသောက်ဆိုင်၏ ဘေးတွင် အဆောက်အဦသစ် ဆောက်လုပ်နေခြင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးထားခြင်း မရှိကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ယင်းအဆောက်အဦ တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားသော်လည်း ခွင့်ပြုချက် မကျမီ ဆောင်ရွက်နေသည့်အတွက် စည်ပင်မှ တားမြစ်စာ ထုတ်ပြန်သွားမည်ဟု ဦးမင်းကျော်လွင်ကပြောသည်။

ဇွန်လ ၁၈ရက်နေ့တွင် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ က ယင်းမြေနေရာတွင် အဆောက်အဦသစ်တိုးချဲ့ ဆောက်လုပ် နေခြင်းကို ရပ်ဆိုင်းထားရန်နှင့် ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်ရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း ယင်းမြေနေရာ ငှားရမ်းထားသူ ဦးဇော်မိုးခိုင်က ဆိုသည်။

“ကွန်ကရစ်တိုင်ကကြီးရင် သူတို့ကို ဖျက်ခိုင်းမှာပေါ့ ။ တားမြစ်စာထုတ်ပြီးတော့မှ သူတို့မဖျက်ဘူးဆိုရင် ခွင့်ပြုချက်မရှိဘဲ လုပ်တဲ့အတွက် အရေးယူဆောင်ရွက်သွားမှာပါ” ဟု ဦးမင်းကျော်လွင်ကပြောသည်။

စာချုပ်စည်းမျဉ်းစည်းကမ်းအရ အဆောက်အဦတိုးချဲ့လိုပါက စည်ပင်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်သာ အတည်ဖြစ်သည်ဟု ပါရှိကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

၎င်းအပြင် ကမ်းနားလမ်းတွင်ရှိသောမြေလွတ်များတွင် တစ်စုံတစ်ခုပြုလုပ်လိုပါက ဆိပ်ကမ်းပိုင်ဖြစ် သည့်အတွက် ပြည်ထောင်စု၏ ခွင့်ပြုချက်လိုအပ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ အဆောက်အဦသည် စာချုပ်အရ မြေငှားရမ်းထားသူများ စီမံခန့်ခွဲခွင့် ရှိသည့် နေရာတွင်သာ ဆောက်လုပ်မှာဖြစ်ပြီး ယင်း အဆောက်အဦကြောင့် ကမ်းနားလမ်းအလှ ပျက်စီးသွားမှာ မဟုတ်ကြောင်း My Mawlamyine ဆိုင်ပိုင်ရှင် ဦးဇော်မိုးခိုင်က ချေပပြောဆိုသည်။

ယင်း အဆောက်အဦနေရာ တွင် Food Court တစ်ခုဖွင့်လှစ်ရန် စီစဉ်နေခြင်းသာ ဖြစ်ပြီး အဆိုပါ နေရာတွင် မော်လမြိုင်တွင်နာမည်ကြီးသော လမ်းဘေးအစားအသောက် ဆိုင်ငယ်များ စုစည်းရောင်း ချမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

အဆိုပါ Food Court ကို ၂၄ နာရီ ရောင်းချရန်စီစဉ်သွားမည်ဖြစ်ပြီး ဝန်ထမ်း ၉၀ ကျော် ခန့်အပ်သွား မည်ဖြစ်ကြောင်း ၎င်း ကထပ်လောင်းပြောကြားသည်။

ယင်းအပြင် ချုပ်ဆိုထားသော စာချုပ်အရ အဆောက်အဦတိုးချဲ့မည် ဆိုပါက စည်ပင်သာယာရေးအဖွဲ့ ၏ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်ရန် ပါရှိကြောင်း ဦးဇော်မိုးခိုင်က ပြောသည်။

ရန်လင်းအောင်

Leave a Reply