၂၀၁၆ ခုနှစ်အတွက် တက္ကသိ်ုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကိုထုတ်ပြန်ခဲ့ရာတွင် မွန်ပြည်နယ်၌ မုဒုံမြို့နယ်ကအောင်ချက်အမြင့်ဆုံးအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်းမွန်ပြည်နယ်၊ပညာရေးမှူးရုံးထံမှ သိရသည်။

logo-copy

မုဒုံမြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုကျောင်းသားပေါင်း ၁၉၅၅ ဦးဝင်ရောက်ဖြေဆိုရာတွင် ကျောင်းသားပေါင်း ၁၀၇၁ ဦးအောင်မြင်ခဲ့ပြီးအောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၇၈ ရာခိုင်နှုန်းရရှိခဲ့ရာယင်းမှာ ပြည်နယ်အတွင်းအမြင့်ဆုံးအောင်ချက်ဖြစ်ကြောင်းမွန်ပြည်နယ်၊ပညာရေးမှူးရုံးကထုတ်ပြန်ခဲ့သောစာရင်းအရသိရသည်။

ဒုတိယအောင်ချက်အမြင့်ဆုံးမှာသံဖြူဇရပ်မြို့ဖြစ်ပြီးအောင်ချက်ရာခိုင်နှုန်း ၅၃ ရာခိုင်နှုန်းကျော်ရရှိခဲ့ကာမော်လမြိုင်မြို့မှာမူအောင်ချက် ၄၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်းမွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ဂုဏ်ထူးရသူဦးရေအများဆုံးမြို့တွင်မူမော်လမြိုင်မြို့မှ အများဆုံးဖြစ်ပြီးကျောင်းသားပေါင်း ၆၂၄ ဦးဂုဏ်ထူးရရှိခဲ့ကာမုဒုံမြို့မှာမူ  ၄၂၃ ဦးဖြင့် ဂုဏ်ထူးရဦးရေဒုတိယအများဆုံးမြို့အဖြစ်ရပ်တည်နိုင်ခဲ့ကြောင်းအဆိုပါရုံးထံမှ သိရသည်။

ထို့အတူမွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိလူငယ်သင်တန်းကျောင်းမှ တက္ကသိ်ုလ်ဝင်တန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုသူတစ်ဦးသာရှိခဲ့ပြီးအဆိုပါ ကျောင်းသားမှာဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခဲ့ကြောင်းအဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မွန်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုကျောင်းသား၊ကျောင်းသူ၁၉၆၈၁ ဦးဝင်ရောက်ဖြေဆိုရာ ၇၇၄၉ ဦးအောင်မြင်ခဲ့ပြီးအောင်ချက် ၃၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိရရှိခဲ့ကာတစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

မွန်ပြည်နယ်သည် ၂၀ဝ၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိခြောက်နှစ်ဆက်တိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အမြင့်ဆုံးပြည်နယ်အဖြစ်ရပ်တည်နိုင်ခဲ့ပြီး၂၀၁၅ ခုနှစ်တွင်မူဒုတိယသာရရှိကာယခုနှစ်တွင်  အောင်ချက် အမြင့်ဆုံး ပြည်နယ်အဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply