ချောင်းဆုံ၊ မတ် ။ ။ ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံ စိုက်ပျိုးထားကြသည့် ပဲစိုက်တောင်သူ အများစုမှာ ပဲရိတ်သိမ်းချိန်၌ ပဲအထွက်နှုန်း လွန်စွာလျော့နည်းနေကြောင်း ချောင်းဆုံမြို့နယ်ရှိ ပဲစိုက်ပျိုးတောင်သူများထံမှ သိရသည်။

“အဓိကတော့ ရာသီဥတုကြောင့် ဖြစ်တယ်လို့ဆိုရမယ်၊ အခုနှစ် ပဲစိုက်ပျိုးချိန်မှာ အချိန်အခါ မဟုတ်လည်း မိုးရွာတယ်၊ မိုးအုံ့လိုက် ပူအိုက်လိုက်နဲ့ နှင်းကျတဲ့ရက်က မရှိသလောက်ဖြစ်လာတယ်၊ အပင်အတွက် လုံလောက်တဲ့ အစိုဓာတ်က မရတဲ့အပြင် ပိုးမွှားဒဏ်လည်းခံရတယ်၊ ဒါကြောင့် အခုနှစ်မှာ လယ်သမားတိုင်း လိုလို ပဲအထွက်နည်းနေတယ်”ဟု ဘိုးနက်ကွင်းမှ ပဲစိုက်တောင်သူ ဦးစိုးတင့်က ပြောသည်။

ယခင်နှစ်များတွင် ပဲအထွက်နှုန်း တစ်ဧကလျှင် ၁၅ တင်းဝန်းကျင် ပုံမှန်ထွက်ရှိနေရာမှ ယခုနှစ်တွင် တစ်ဧကလျင် ခြောက်တင်းနှင့် ခုနစ်တင်းနှုန်းခန့်သာ ထွက်ရှိခဲ့၍ ပဲစိုက်ပျိုး ကုန်ကျစရိတ်နှင့် ရိတ်သိမ်း စရိတ်များပင် မလုံလောက်ကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်မှာ ပဲအထွက်တိုးတဲ့ လယ်သမား မရှိသလောက် ဖြစ်နေတယ်၊ ပဲဈေးနှုန်းကလည်း မနှစ်က ဈေးနှုန်း တွေကို မမီဘူး၊ ပဲရဖို့အတွက် အပင်အားဆေးဖြန်းလိုက် ပိုးသတ်ဆေးဖြန်းလိုက်နဲ့ အမြတ်ရဖို့မပြောနဲ့ အရင်းရဖို့က မလွယ်ဘူး ဖြစ်နေတယ်”ဟု ကော့ရွဲကျေးရွာလယ်ကွင်းမှ ပဲစိုက်တောင်သူ ဦးတရုတ်က ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ယခင်နှစ်က ပဲဈေးနှုန်းကောင်းမွန်ခဲ့၍ ယခုနှစ်တွင် တစ်ကြိမ်တစ်ခါမျှ ပဲမစိုက်ပျိုးခဲ့သော လယ်သမားများလည်း ပဲစမ်းသပ် စိုက်ပျိုးလာကြောင်း၊ ယခုနှစ်တွင် ပဲအထွက်နှုန်းလျော့နည်းနေ၍ လာမည့် နှစ်များတွင် ပဲစိုက်ပျိုးရန်ပင် ဝန်လေးလာကြောင်း မုရစ်ကြီးကျေးရွာမှ ဦးကုလားက ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ကော့မုပွန်၊ ဒေါင်းရပ်၊ ကညှော်၊ မုဒွန်းနှင့် ဘိုးနက်ကျေးရွာပိုင် လယ်ကွင်းများတွင် ပဲအများဆုံး စိုက်ပျိုးကြကြောင်းနှင့် ချောင်းဆုံမြို့နယ်မှ ကျေးရွာအများစုမှာ ပဲစိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း အကျိုးအမြတ်နည်း၍ မစိုက်ပျိုးခြင်းဖြစ်ကြောင်း ကော့မုပွန်ကျေးရွာမှ ပဲရောင်းဝယ်သူ ဦးကက်က ပြောသည်
ချောင်းဆုံမြို့နယ်တွင် လက်ရှိပဲဈေးနှုန်းများမှာ ပဲတီရွှေဝါ တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၃၀ဝ၀ဝ ကျပ်၊ ပဲတီစိမ်း တစ်တင်းလျှင် ၂၅၀ဝ၀ ကျပ်၊ ပဲလွန်းဖြူ တစ်တင်းလျှင် ၂၆၅၀ဝ ကျပ် ပေါက်ဈေးများဖြင့် ရောင်းဝယ်နေကြောင်း ချောင်းဆုံမြို့နယ်မှ ပဲမျိုးစုံ ရောင်းဝယ်သူများထံမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply