ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူ ၃ဝ၅၆၇ ဦး ရှိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်တွင် ယခုနှစ် ၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ်အတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၃ဝ၅၆၄ ဦး ရှိကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာဌာန) ဒေါ်အေးမြင့်သန်းက ပြောကြားသည်။

လက်ရှိတွင် အပြင်ဖြေ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူူစာရင်းနှင့် ကျောင်းတွင်းဖြေဆိုမည့်သူများ စာရင်းကို ခွဲခြားရရှိထားခြင်းမရှိသေးကြောင်း ဆက်လက်ပြောသည်။

“ဒီနှစ်ကတော့ တိုးလာတာပေါ့၊ အခုက အပြင်ဖြေနဲ့ အတွင်းဖြေတွေက စာရင်းမခွဲရသေးဘူး။ အခုက လုံးနေတာပေါ့။ စာရင်းခွဲပြီးရင်တော့ အပြင်ဖြေတွေ များလာတာလား၊ အတွင်းဖြေတွေ တိုးလာတာလားဆိုတာ သေချာသိရမှာပါ”ဟု ၎င်းက ပြောသည်။

ယခင်နှစ်တွင် တက္ကသိုလ် စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၂၇၆၅၇ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃ဝ၅၆၄ ဦးထိ ရှိသောကြောင့် ဖြေဆိုသူ ၂၉ဝ၇ ဦးထိ တိုးလာကြောင်း ဆက်လက်ပြောသည်။

နှစ်စဉ် နှစ်တိုင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခါနီးတွင် ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အခြေခံပညာ အထက်တန်းကျောင်းများ၌ မေးခွန်းဟောင်းများ လေ့ကျင့်ပေးခြင်း၊ ပြန်လည် သင်ကြား ပို့ချပေးခြင်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်း ထပ်မံပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်နှင့် ပတ်သတ်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးမှလည်း ကြိုးစားနေကြသောကြောင့် မွန်ပြည်နယ်၏ အောင်ချက် ပြန်လည်မြင့်တက်လာရန်အတွက် မိဘ၊ ကျောင်းသား နှင့် ဆရာ၊ဆရာမများ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း ဖြည့်စွက်ပြောသည်။

ယခင်နှစ်တွင် မွန်ပြည်နယ်အတွင်း စာစစ်ဌာန ၅၆ခု ရှိသော်လည်း ယခုနှစ်တွင် ၆၂ခု ထိ တိုးလာခဲ့ပြီး မော်လမြိုင် အ.ထ.က (၁၂)၊ သံဖြူဇရပ် အ.ထ.က(ဝဲခနိ)၊ ပေါင် အ.ထ.က သဲကုန်း၊ သထုံ အ.ထ.က မရမ်းကုန်း၊ သထုံ အ.ထ.က ပုတိန်ရိုးဖော်ဖ နှင့် ဘီးလင်း အ.ထ.က ဇုတ်သုတ်တို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ရက် အတိအကျသိရပြီဖြစ်သောကြောင့် ကောင်းမွန်သော အောင်ချက်ရရှိစရန်အတွက် မိမိတို့၏ သား၊ သမီးများကို အချိန်ပေး ဂရုစိုက်သင့်ကြောင်း ဇေယျာသီရိမှ ကျောင်းသားမိခင်ဖြစ်သူ ဒေါ်ခင်မေသက်က ပြောကြားသည်။

“ဆယ်တန်းဆိုတာက နတ်ကြီးတယ်လေ၊ စာမေးပွဲရက်ကိုလည်း သေချာသိပြီဆိုတော့ ကိုယ့်သား၊ သမီးကို အချိန်ပေးဖို့လိုတာပေါ့၊ ဒီရက်လေးတွေမှာ သူတို့ကို အချိန်ပေးပြီး ဂရုစိုက်မှ အောင်ချက်ကောင်းမယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

လာမည့် မတ်လ ၆ရက်တွင် မြန်မာစာ၊ ၇ရက်တွင် အင်္ဂလိပ်စာ၊ ၈ရက်တွင် သင်္ချာ၊ ၉ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၁ရက်တွင် ဓာတုဗေဒ၊ ၁၂ရက်တွင် ရူပဗေဒ၊ ၁၃ရက်တွင် ဇီဝဗေဒ(သို့) ဘောဂဗေဒ၊ ၁၄ရက်တွင် ပထဝီဝင် နှင့် ၁၅ရက်တွင် သမိုင်းဘာသာရပ် အသီးသီးဖြေဆိုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ် တစ်နိုင်ငံလုံးတွင် အောင်ချက် ပထမသာ ရရှိခဲ့သော်လည်း ၂ဝ၁၅တွင် အောင်ချက် ဒုတိယ၊ ၂ဝ၁၈တွင် အောင်ချက် ၃၇ ဒဿမ ၄၂ ရာခိုင်နှုန်းဖြင့် တတိယအဆင့် ရရှိခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.