မော်လမြိုင်၊ မေ

မွန်ပြည်နယ်တွင် ထားရှိသည့် မြန်မာ့အာမခံလုပ်ငန်း ငါးမျိုးမှ ယခုနှစ်အတွင်း ဝင်ငွေ ၉၅၃၅ ဒသမ ၄ သိန်း ကျော်ကို ရရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း မွန်ပြည်နယ်ရုံး ပြည်နယ်မန်နေဂျာ ဦးအောင်ဟိန်းကျော်က ပြောကြားသည်။

“ပြည်သူတွေက အာမခံထားဖို့ကို စိတ်မဝင်စားကြဘူး၊ နောက်ပြီး အာမခံအကြောင်းကို သိပ်မသိကြဘူး၊ ယာဉ်ပိုင်ရှင်တွေက မထားမဖြစ်လို့ ထားနေကြတယ်”ဟု ၎င်းက ဆိုသည်။

ယခင်နှစ် ဧပြီလမှ ယခုနှစ် မတ်လအထိ ရရှိထားသည့် အာမခံ ဝင်ငွေများတွင် အသက်အာမခံမှ ၁၂၁ သန်း၊ သူတစ်ပါး ထိခိုက်မှုအာမခံမှ ၇၄၄ ဒသမ ၀၄ သန်း၊ မီးအမျိုးမျိုး အာမခံမှ ၅၄ ဒသမ ၄၂ သန်း၊ ရေကြောင်း ကုန်ပစ္စည်းအာမခံမှ ၂ ဒသမ ၄၁ သန်းနှင့် ခရီးသွားအာမခံမှ ၃၁ ဒသမ ၆၈ သန်းကျော်တို့ကို ရရှိခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ယင်းအပြင် ယခုနှစ်တွင် အာမခံလျော်ကြေးငွေများဖြစ်သည့် အသက်အာမခံ ၄၄ ဒသမ ၅၁ သန်းနှင့် သူတစ်ပါးထိခိုက်မှု အာမခံ ၄ ဒသမ ၈၇ သန်းတို့ကို လျော်ကြေးပေးခဲ့ကြောင်း ၎င်းက ပြောသည်။

အာမခံထားခြင်းကြောင့် ပြည်သူများ လုံခြုံမှုအကျိုးရလဒ်များစွာ ရရှိထားနိုင်ပြီး၊ ပစ္စည်းဆုံးရှုံးမှုများအတွက် လျော်ကြေးများကို မြန်မာ့အာမခံလုပ်ငန်းက ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အာမခံလုပ်ငန်များ အကြောင်းကို ပြည်သူများ သိရှိနိုင်ရန်အတွက် သြဂုတ်လမှ စတင်ပြီး ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ဒီမှာ လာမထားလို့ရှိရင် (ကညန) နဲ့ အလုပ်လုပ်လို့ မရဘူးလေ၊ သူတို့ကို မထားလို့ မရဘူး ထားကိုထားရမယ်ဆိုလို့ လာထားဖြစ်တာ”ဟု မော်လမြိုင်မြို့မှ ကိုဇော်မျိုးမြင့်က ပြောဆိုသည်။

၂ဝ၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့အာမခံလုပ်ငန်း မွန်ပြည်နယ်၌ ဒေသခံ ပြည်သူများက ထားရှိသည့် အာမခံ လုပ်ငန်း ငါးမျိုးမှ ငွေကျပ် သိန်း ၄၀၀၀ ကျော်သာ ရရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း မွန်ပြည်နယ်ရုံး မှတ်တမ်းများအရ သိရသည်။

written by – ဇော်ထိုက်

Leave a Reply