ပြီးခဲ့သည့် နွေရာသီတွင် နေ့အပူဒဏ်များမြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်ထွက် ဒူရင်းသီးများအထွက်နှုန်းလျော့ကျခဲ့ကြောင်းရေးမြို့ရှိဒူးရင်းသီးခြံပိုင်ရှင်များထံမှ သိရသည်။

Ye Duu Yin

အပူချိန်မြင့်ခဲ့ခြင်းကြောင့် ဒူးရင်းပင်များတွင် အသီးများကြွေခြင်း၊ အပွင့်များခြောက်ခြင်းနှင့်ရင်ဆိုင်ခဲ့ရပြီးယခင်နှစ်ကဒူးရင်းသီးအလုံးငါးထောင်ခန့်ထွက်သော ခြံများမှာယခုနှစ်တွင် အလုံးသုံးထောင်ခန့်သာထွက်ခြင်းမျိုးပင်ရှိကြောင်း ၎င်းတို့ကပြောကြားကြသည်။

“ရာသီဥတုပူပြင်းခြောက်သွေ့မှုများတဲ့အတွက်ကြောင့် အသီးတွေကြွေပြီးပန်းတွေခြောက်သွားတဲ့အတွက် အထွက်နှုန်းနည်းပါးလာတယ်” ဟုရေးမြို့ ရှိဒူးရင်းသီးခြံစိုက်ပိုင်ရှင် ဦးမျိုးဇင်ကရှင်းပြပြောဆိုသည်။

ထိုသို့ အထွက်နှုန်းလျော့ကျခဲ့ခြင်းကြောင့် ရေးဒူးရင်းသီးဝင်ရောက်မှု နည်းပါးလာသဖြင့်ခြံရှင်များထံမှ ဝယ်ယူရသည့်ဈေးနှုန်းများလည်းယခင်နှစ်ထက်မြင့်တက်ခဲ့ကြောင်းရေးသစ်သီးရောင်းဝယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။

သို့သော် ရန်ကုန်မြို့တော်သို့ပြန်လည်တင်ပို့ရာတွင် အဆိုပါဈေးကွက်အတွင်းအရောင်းအဝယ် အေးနေသောကြောင့် ဒူရင်းသီးအဝယ်ဒိုင်များအကျိုးအမြတ်နည်းပါးကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိတွင် ရေးမြို့နယ်ရှိဒူးရင်းခြံများမှ ဒိုင်များသို့တင်သွင်းသည့် ဖောက်သည်ဈေးမှာအရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင်ကျပ်၁၅ဝဝ မှ ၂၅ဝဝ ကျပ်အထိရှိကြောင်းအဆိုပါဈေးကွက်အတွင်းမှ သိရသည်။

Leave a Reply