ပြီးခဲ့သည့် နွေရာသီတွင် နွေအပူရှိန်ပြင်းသောကြောင့် ယခုနှစ် မွန်ပြည်နယ်၊ ရေးမြို့နယ်ထွက် သံပုရာသီးများ အထွက်နှုန်းလျော့ကျခဲ့ကြောင်း ရေးမြို့နယ် သံပုရာသီးစိုက်ခြံပိုင်ရှင်များထံမှ သိရသည်။

lemon

အပူချိန်မြင့်တက်ခဲ့ခြင်းကြောင့် နွေရာသီထွက်သံပုရာသီးများ အသီးရရှိမှုမရှိ၍ မိုးရွာအချိန်မှသာ အသီးများရသောကြောင့် ယခုနှစ်ထွက်သံပုရာသီးများသည် ယခင်နှစ်ထက် လျော့နည်းလာကြောင်း ရေးမြို့နယ်ရှိ သံပုရာသီးခြံပိုင်ရှင် ဦးမျိုးက ဟင်္သာမီဒီယာသို့ ပြောသည်။

ရာသီဥတုပုံမှန်ကာလတွင် သံပုရာသီးအထွက်နှုန်း ၁၅ ရက်တစ်ပတ်ကို အလုံးရေ သောင်းဂဏန်းနှင့် ချီပြီး ရေးမြို့နယ်ရှိ သံပုရာသီးဒိုင်တွင် တင်သွင်းရောင်းချခဲ့ရာမှ ယခုနှစ်တွင် ၁၅ ရက်တစ်ပတ်လျှင် အလုံးရေပျမ်းမျှ ငါးထောင်ခန့်သာ တင်သွင်းရောင်းချခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

“သင်္ကြန်မဖြစ်ခင် မိုးရွာရင်တော့ အသီးအနှံကတော့ ကောင်းတာပေါ့။ ဒီပြီးခဲ့တဲ့နှစ်က သင်္ကြန်မဖြစ်ခင် မိုးလည်းမရွာ နေရှိန်လည်းပြင်းတယ်ဆိုတော့ အသီးအနှံပန်းတွေအကုန်လုံးပျက်ကုန်ပြီပေါ့” ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ အထွက်နှုန်းလျော့ကျခဲ့ခြင်းကြောင့် ရေးသံပုရာသီးများ ဈေးကွက်အတွင်း အသီးဝင်ရောက်မှု နည်းပါးခဲ့ရာ ယခင်နှစ်ထက် ဈေးကောင်းရနေကြောင်း ရေးမြို့နယ် သံပုရာသီးစိုက်ခြံပိုင်ရှင်များထံမှ သိရသည်။

“ဒီအချိန်က သံပုရာသီးပေါတဲ့အချိန်ပဲ။ ဒါမဲ့ အသီးဝင်ရောက်မှုနည်းပါးတဲ့အတွက် ဈေးနည်းနည်းမြင့်တက်တယ်”ဟု ရေးမြို့နယ် သံပုရာသီးအဝယ်ဒိုင် ဦးမြင့်ဦးက ဆိုသည်။

မိုးတွင်းကာလတွင် ပြီးခဲ့သည့်နှစ်က အလုံးတစ်ရာလျှင် ၈ဝဝ ကျပ်ရှိခဲ့ရာမှ ယခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် အလုံးတစ်ရာလျှင် ၁၂ဝဝ ကျပ်အထိဈေးနှုန်းမြင့်တက်လာကြောင်း ၎င်းကရှင်းပြသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဈေးကွက်အတွင်း ရေးသံပုရာသီးထက် ကြာအင်းဆိပ်ကြီးသံပုရာသီးများ ဝင်ရောက်မှုများပြားသော်လည်း ရေးမြို့နယ်ထွက် သံပုရာသီးမှာ အရည်ရွှမ်းပြီး အနံ့အသက်က ပိုမိုကောင်းမွန်သောကြောင့် ဈေးနှုန်းပိုကောင်းနေကြောင်း မော်လမြိုင်မြို့ သထုံတံတားလမ်း၊ ဖက်တန်းနယ်မြေရှိ သံပုရာသီးရောင်းဝယ်သူ ဒေါ်ခင်မာခိုင်က ရှင်းပြသည်။

Leave a Reply