ယခုနှစ် မိုးရာသီတွင် ချောင်းဆုံမြို့နယ်ရှိ နှီးမုတ်ရေတံခွန်သို့ ဘီလူးကျွန်းဒေသခံများနှင့် အခြားဒေသမှ ဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာရောက်လည်ပတ်မှု များလာကြောင်း နှီးမုတ်ကျေးရွာဒေသခံများထံမှ သိရသည်။

hinn-mote

“နှီးမုတ်ရေတံခွန်ဟာ ပုဂ္ဂလိကပိုင် ရေတံခွန်ဖြစ်တော့ တောင်ပေါ်တက်ပြီး ရေကစားရင် လူကြီး ၂၀ဝ ကျပ်၊ ကလေး ၁၀ဝ ကျပ် ဝင်ကြေးပေးပြီး ကစားရတယ်၊ လာတဲ့သူတွေက အခါကြီးရက်ကြီးတွေမှာ ထောင်သောင်းမကရှိတယ်” ဟု နှီးမုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဒင်က ပြောသည်။

နှီးမုတ်ရေတံခွန်သို့ ဝင်ထွက်သွားလာသောလမ်းမှာ မြေသားလမ်းဖြစ်ပြီး အလွန်ကျဉ်းမြောင်းနေကြောင်း၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ လူစည်ကားသောနေ့များတွင် အဝင်လမ်း၊ အထွက်လမ်းများကို သီးခြားခွဲ၍ စနစ်တကျ စီစဉ်ထားရှိသင့်ကြောင်း အဆိုပါရေတံခွန်သို့ လာရောက်လည်ပတ်သူများက ပြောသည်။

ချောင်းဆုံမြို့နယ်တွင် နှီးမုတ်ရေတံခွန်၊ ကမာမိုကျေးရွာရှိ ဝင်းလဲ့ရေတံခွန်၊ ကမာမိုကျေးရွာ ရေကူးကန်၊ မုဒွန်းကျေးရွာ ကလေးအားကစားကွင်းနှင့် ရေကူးကန်များရှိသော်လည်း နှီးမုတ်ရေတံခွန်သို့ လာရောက် လည်ပတ်သူများပြားကြောင်း မုဒွန်းကျေးရွာမှ ဦးဖြိုးဝေစိုးက ပြောသည်။

နှီးမုတ်ရေတံခွန်သည် ပုဂ္ဂလိကပိုင်ရေတံခွန်ဖြစ်ပြီး ဒေသမှ သယံဇာတတစ်ခုဖြစ်ကြောင်း၊ သဘာဝတောတောင် ရှုခင်းများကို ဆက်လက်ထိန်းသိမ်းထားရှိသင့်ကြောင်း၊ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား တည်ဆောက်ပြီးစီးမည်ဆိုပါက ယခုထက်ပို၍ စည်ကားလာနိုင်ကြောင်း ချောင်းဆုံမြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဦးစီးဌာနမှ သိရသည်။

Leave a Reply