Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်နယ်တွင် ယခု၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ စတုတ္တတန်းနှင့်အဌမတန်း အစိုးရစစ်စာမေးပွဲကို မိမိပညာသင်ယူရာကျောင်း ၊ စာစစ်ဌာန၌သာ ဖြေဆိုရမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၊လက်ထောက်ညွှန်ကြားရေးမှုုး ဒေါ်ညွန့်ညွန့်အေးက ပြောကြားသည်၊၊

စတုတ္တတန်းနှင့်အဋ္ဌမတန်း အစိုးရစစ်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသူကျောင်သားများအနေဖြင့် မိမိတို့ ပညာသင်ယူခဲ့ရာ အခြေခံပညာသင်ကျောင်း၌ပင် ဖြေဆိုနိုင်ကြမည်ဖြစ်ပြီး အဖြေလွှာများအား စစ်ဆေးအကဲဖြတ်ခြင်းကိုမူ ပညာရေးဝန်ကြီးဌာန လုပ်ငန်းစဉ်အတိုင်း စစ်ဆေး အမှတ်ပေးသွားမည် ဖြစ်သည်။

“အရင်နှစ်တုန်းကကျတော့ စာစစ်ဌာနတွေက ဒီမှာရှိတဲ့ကျောင်းက အဲဒီအနီးအနားကျောင်းမှာ ဖြေရတယ်ဆိုတော့ ကလေးတွေပင်ပန်းတယ်။ နောက်ပြီး ကလေးတွေ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်တွေရှိတဲ့အတွက်ကြောင့် ဒီနှစ်ကို အခုလိုလုပ်လိုက်တာ”ဟု ၎င်းက ပြောသည်၊၊

စာမေးပွဲအခန်းစောင့် တာဝန်များအား ခွဲဝေဆောင်ရွက်စေရာ၌ မိမိကျောင်းမှာရှိသည့် ဆရာ၊ဆရာမများကို အပြင်စောင့်အဖြစ်လည်းကောင်း၊ အခြားကျောင်းမှ ဆရာ၊ဆရာမများကို အတွင်းစောင့်အဖြစ်လည်းကောင်း သက်ဆိုင်ရာကျောင်းအလိုက် တာဝန်ချထားပေးသွားမည်ဟု ထပ်မံ သိရှိရသည်။

“အဝေးကြီးကိုမသွားရဘူး။ ဟိုကျောင်းနဲ့ဒီကျောင်းလောက်ကိုပဲလှည့်မယ်။ အဝေးကိုသွားရင် ပြဿနာဖြစ်မှာ ကြောက်တဲ့အတွက် အနီးဆုံးကျောင်းတွေကို ချိန်းမှာ ။ ဝေးတဲ့ကျောင်းတွေမဟုတ်ဘူး”ဟု ဒေါ်ညွန့်ညွန့်အေးက ပြောသည်၊၊

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတုတ္တတန်းနှင့်အဌမတန်း အစိုးရစစ်စာမေးပွဲကို မိမိတို့၏ကျောင်းများ၌ ဖြေဆိုခွင့်မရဘဲ အခြားကျောင်းတွင်သာ ဖေဖော်ဝါရီ ၂၁ရက်မှ စ၍ သွားရောက်ဖြေဆိုခဲ့ကြရသည်။ ယခုပညာသင်နှစ်တွင်မူ ယင်းစာမေးပွဲများကို မိခင်ကျောင်းအသီးသီး၌ပင် ဖေဖော်ဝါရီ ၁၉ ရက်ကစ၍ ဖြေဆိုသွားကြရမည်ဖြစ်သည်၊၊

ယခင်ပညာသင်နှစ်က မွန်ပြည်နယ် (၁၀)မြို့နယ်တွင်း စတုတ္တတန်းစာစစ်ဌာန ၂၄၃ခု၊ အဌမတန်းစာစစ်ဌာန ၁၈၁ခုရှိခဲ့ရာမှ ယခု၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတုတ္တတန်းစာစစ်ဌာန ၁,၄၄၁ခုနှင့် အဌမတန်းစာစစ်ဌာန ၃၂၁ခုအထိ ရှိလာခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းမှတ်တမ်းအရ မွန်ပြည်နယ်အတွင်း ကျောင်းတက်ရောက်မှုအခြေအနေမှာ အသက် ငါးနှစ်နှင့်အထက် အိမ်ထောင်စုလူဦးရေ ၁,၇၅၈,၉၈၄ ဦးတွင် ၃၆၄,၈၇၈ ဦးမှာ ကျောင်းတက်နေသူများဖြစ်သည်။

Written by ဂေထော

Advertisements
<

Leave a Reply