Advertisements

မြဝတီ၊ အောက်တိုဘာ

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်မပမာဏမှာ ယခုဘဏ္ဍာနှစ်တစ်ဝက်ကျိုးလုချိန် စက်တင်ဘာ ၂၁ ရက်တွင် အမေရိကန်ဒေါ်လာ ၃၉၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ်ကာလတူ ပမာဏအောက် ဒေါ်လာ ၈ သန်းကျော် လျော့ကျနေဆဲဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများ နှိုင်းယှဉ်ချက်အရ သိရသည်။

ယမန်နှစ် အဆိုပါကာလက ကန်ဒေါ်လာ ၄၀၄ သန်းကျော် ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုမူ သန်း ၄၀၀ ပင်မပြည့်မီသေးချေ။ အဆိုပါကာလတွင် ပို့ကုန်ပမာဏမှာ မြင့်တက်လာခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါးကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၁သန်းကျော်ပိုမိုခဲ့သည်။ သို့သော်လည်း ပို့ကုန်သွင်းကုန် ပမာဏချင်း နှိုင်းယှဉ်ချက်မှာ ယမန်နှစ်နည်းတူ ဆယ်ဆကျော် ကွာဟနေဆဲဖြစ်ကြောင်းစာရင်းဇယားများက ပြဆိုသည်။

ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလျော့ကျလာခဲ့ကြောင်း မြဝတီရှိ ကုန်သည် အသိုင်းအဝိုင်းတွင် ဝေဖန်သူအချို့ရှိသလို နယ်စပ်လမ်းကြောင်းရှိ ဂျိုင်းကျုံဒိုးတံတားတွင် ခရီးလမ်းပန်း ကြန့်ကြာနှောင့်နှေးခဲ့ခြင်းကြောင့်ဟု သုံးသပ်သူများလည်း ရှိနေသည်။

အဆိုပါ ကျုံဒိုးတံတားမှာ ဇူလိုင် ၂၃ ရက်မှ စက်တင်ဘာ ၁၄ ရက်ကြားကာလ ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် မကြာခဏလမ်းကြောပိတ်ဆို့ ခရီးပြတ်တောက်ခြင်းများ ရှိခဲ့သည်။

ယခုဘဏ္ဍာနှစ်စ ဧပြီလဆန်းမှ စက်တင်ဘာ ၂၁ ရက်ထိ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၃၅၆ သန်းကျော်သာ ကုန်သွယ်နိုင်ခဲ့သည့် အတွက် ယခင်နှစ်ကထက် ဒေါ်လာသန်း၂၀ နီးပါး လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ စခန်းများအလိုက် ပို့ကုန်သွင်းကုန် နှိုင်းယှဉ်ချက် စာရင်းများတွင် တွေ့ရသည်။ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အလှကုန်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ်ပစ္စည်းများ တင်သွင်းခဲ့သည်။ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ စားသုံးဆီများလည်း တင်သွင်း
လျက်ရှိသည်။

သစ်ပင်ပျိုးပင်မျိုးစုံနှင့်အတူ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပိန္နဲသီး စသည့် သစ်သီးဝလံများအပြင် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသော ဟင်းသီးဟင်းရွက်များပါ တရားဝင်တင်သွင်းလျက်ရှိသည်။

ထို့ပြင် ဂျပန် တစ်ပတ်ရစ် လိုင်စင်မဲ့ယာဉ်များ၊ ဘီယာမျိုးစုံ၊ အေးခဲအသား၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် အသည်းအမြစ်၊ ကလီစာအထုပ်များလည်း မပြတ် ဝင်ရောက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ပြည်တွင်းထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်း ငါး၊ ပုစွန်၊ ကဏန်း၊ လယ်ယာထွက်ကုန် နှမ်း၊ နနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲ၊ ကြံများအား ထိုင်းသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဆုလာဘ်(မြဝတီ)

Advertisements
<

Leave a Reply