Advertisements

ထားဝယ် ၊ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ယခုဘဏ္ဍာနှစ်အစမှ ဇန်နဝါရ ီ၉ရက်နေ့အထိ တရားမဝင် မီးသွေးဖို ၃၃၂ဖိုကို ရှာဖွေဖျက်ဆီးအရေးယူခဲ့ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

ရှောင်တခင်လှည့်လည်စစ်ဆေးစဉ်ဖြစ်စေ၊ သတင်းရရှိ၍ဖြစ်စေ တွေ့ရှိပါက မီးသွေးဖိုများအားလုံးကို ဖျက်ဆီးလျက်ရှိကြောင်း ၎င်းကဆိုသည်။ တရားမဝင်မီးသွေးဖိုဖျက်ဆီးခဲ့မှုအခြေအနေနှင့်ပတ်သက်၍ “ကျွန်းစုနဲ့ ဘုတ်ပြင်းမှာများတယ်”ဟု ဦးကျော်ဇေယျက ပြောသည်။

ယခင်နှစ်များက ပြည်တွင်း၌အသုံးပြုရန် မီးသွေးကို မျှောစာဖြင့် သယ်ယူခွင့်ပြုပြီး ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်မှစ၍ တိုင်းကျော်အပြင် ခရိုင်ကျော်လွန်၍ပါ သယ်ယူခွင့်မပြုတော့ဟု ၎င်းကဆိုသည်။

ကျွန်းစုနှင့်ဘုတ်ပြင်းဒေသများမှ မီးသွေးကို တစ်ဖက်နိုင်ငံ ထိုင်းသို့ တင်ပို့သည်က များနေကြောင်း Green Network Tanintharyi Region မ ဦးမျိုးဦးက ပြောသည်။

မီးသွေးကို တိုင်းအတွင်း ခရိုင်အလိုက် လူဦးရေအချိုးအစားအလိုက် ထားဝယ်ခရိုင်တွင် ကုဗတန်၂၃၀၀၊ မြိတ်ခရိုင်တွင် ၅၃၀၀၊ ကော့သောင်းခရိုင်တွင် ၂၄၀၀၊ စုစုပေါင်း ကုဗတန်တစ်သောင်း ထုတ်လုပ်ခွင့်ပြုထားသည်ဟုသစ်တောဦးစီးဌာနမှတဆင့်သိရသည်။

ယင်းအပြင် ဖော်ပြပါကာလအတွင်း၌ တနင်္သာရီဒေသတွင် မီးသွေး ၇၆ ဒသမ ၅ ကုဗတန်ကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိရသည်။

တိုင်းအတွင်း အိမ်ထောင်စုများ၏ ၅၂ ဒသမ ၁ ရာခိုင်နှုန်းမှာ အစားအစာချက်ပြုတ်စားသောက်ရန် လောင်စာအဖြစ် သစ်သား/ထင်းကို အသုံးပြုပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၆၉ ဒသမ ၂ ရာခိုင်နှုန်း အသုံးပြုကြောင်း ၂၀၁၄ သန်းခေါင်စာရင်း၌ ဖော်ပြထားသည်။

Written by Tint Lwin

Advertisements
<

Leave a Reply