မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်တွင် ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ ခုနှစ်လအတွင်း အခွန်ငွေရရှိမှုသည် ယခင်ဘဏ္ဍာရေးနှစ်ထက် ငွေကျပ်သိန်း ၄၅၅၀ ကျော်အခွန်ငွေပိုမိုရရှိခဲ့ကြောင်း မွန်ပြည်နယ်ပြည်တွင်းအခွန် ဦးစီးဌာနမှလက်ထောက် ညွန်ကြားရေးမှူး ဒေါ်ချိုချိုဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

taxas

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင်ဧပြီလမှ အောက်တိုဘာလအထိ ရရှိခဲ့သောအခွန်ငွေသည် ၅၁၁၇၉ သိန်းကျော်သာရရှိခဲ့ကာ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဧပြီလမှ အောက်တိုဘာလအထိ ရရှိသောအခွန်ငွေသည် ၅၅၇၂၃ သိန်းကျော်အထိရှိလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်ကတင်ဒါအပိုင်းကအခွန်ရရှိမှုက နည်းနည်းတော့ အားနည်းနေသေးတယ်၊ ဒါပေမယ့် အထူးကုန်စည်အခွန်ကပိုရလာတယ်”ဟုဒေါ်ချိုချိုဦးကဆက်လက် ပြောဆိုသည်။

ရရှိသည့် အခွန်ငွေများကိုဝင်ငွေအခွန်၊ ကုန်သွယ်လုပ်ငန်းအခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် အထူးကုန်စည်အခွန်များမှ ကောက်ခံထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင်ဘဏ္ဍာရေးနှစ်က အောက်တိုဘာလကုန်ပိုင်းတွင် ကုန်သွယ်လုပ်ငန်းအခွန်မှ ငွေကျပ် ၁၇၄၆၆ သိန်းကျော် ရရှိခဲ့ပြီး၊ ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၃၇၃၂ သိန်းသာရရှိခဲ့ခြင်းကြောင့် ကုန်သွယ်လုပ်ငန်းအခွန်မှာအနည်းငယ် လျော့ကျနေကြောင်း ၎င်းက ပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်လုပ်ငန်းအခွန်မှ ၅၈၇၄၄ သိန်း၊ ဝင်ငွေခွန်မှ ၆၉၉၉၂ သိန်း၊ အောင်ဘာလေသိန်းဆုအခွန်မှ ၈၂၂၂ သိန်းနှင့် တံဆိပ်ခေါင်းအခွန်မှ ၁၀၂၃၃ သိန်းရရှိခဲ့ကြောင်းမွန်ပြည်နယ် ပြည်တွင်းအခွန်ဦးစီးဌာနစာရင်းများအရသိရသည်။

“မွန်ပြည်နယ်မှာကအခွန်မထမ်းဆောင်တဲ့သူတွေ တော်တော်များနေတယ်၊ဒါပေမယ့် နှစ်စဉ်အခွန် ထမ်းဆောင်တဲ့ သူတွေတော့ရှိတယ်၊အခုလိုအခွန်တွေ တိုးလာတော့ ပြည်နယ်အတွက် အဆင်ပြေလာနိုင်တယ်”ဟုမော်လမြိုင်မြို့မှ ဒေသခံတစ်ဦးကပြောဆိုသည်။

မွန်ပြည်နယ်တွင် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန် ပုံမှန်ပေးသွင်းခဲ့သည့် နံ့သာဖြူဟိုတယ်သည် ဝင်ငွေခွန် ထမ်းဆောင်သူထိပ်ဆုံး ၁၀ ဦးစာရင်းထဲ၌ နှစ်နှစ်ဆက်တိုက် နံပါတ်တစ်နေရာကိုရောက်ရှိခဲ့ကြောင်းမွန်ပြည်နယ် ပြည်တွင်းအခွန်ဦးစီးဌာရုံးထံမှ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply