မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၊ မတ်လ ၂၁ ရက်ထိ အခွန်ကောက်ခံငွေ ရရှိမှုသည် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်ထက် ပိုမိုများပြားလာကြောင်း မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ပြောကြားသည်။

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက် ထိ အခွန်အကောက်ခံဘဏ္ဍာငွေ ၂၃၉၇ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်ထိ အခွန်အကောက်ခံဘဏ္ဍာငွေ ၁၄၀၇ ဒသမ ၆၈၃ သန်းသာ ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ၉၈၉ ဒသမ ၅၇၈ သန်း ပိုမိုရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီနှစ် အခွန်အကောက် ဘဏ္ဍာငွေ ပိုမိုကောက်ခံရရှိခဲ့ခြင်းက အဓိကတော့ အရောင်းပြခန်းက မော်တော်ဆိုင်ကယ် အသစ်တွေ မှတ်ပုံတင်တာတွေ၊ One Stop Service အစီစဉ်တွေနဲ့ မော်တော်ဆိုင်ကယ် တွေကို မှတ်ပုံတင်ပေးခဲ့တာတွေ၊ သက်တမ်းတိုးပေးခဲ့တာတွေ၊ ပြီးတော့ ယာဉ်မောင်းလိုင်စင်တွေ လာရောက် ဖြေဆိုသူတွေရော ပိုများလာခဲ့ပြီး စီမံချက်အနေနဲ့ အထူးနယ်လှည့်ကွင်းဆင်းပြီး မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်တွေ သွားရောက်ပြုလုပ်ပေးခဲ့လို့ နိုင်ငံတော်အတွက် အခွန်အကောက် ပိုရတာဖြစ်တယ်”ဟု ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်ထိ မော်တော်ယာဉ် မှတ်ပုံတင်ခဲ့သည့် ယာဉ်အစီးအရေမှာ ၃၂၇၁၅ စီးနှင့် မော်တော်ယာဉ် သက်တမ်းတိုး မှတ်ပုံတင်အစီးအရေမှာ ၁၁၇၅၂၁ စီး ပြုလုပ်ထားကြောင်း မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

“ပြည်နယ်မှာ ဆိုင်ကယ်စီးနေတဲ့အရေအတွက် ယာဉ်မောင်းနေတဲ့သူတွေ များပြားနေပြီးတော့ အမှန်တကယ် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ပြီး မောင်းနှင်နေတဲ့ ပြည်သူတွေက နည်းပါးပါသေးတယ်၊ ကညန ဌာနက နေပြီးတော့ ကိုယ့်ဒေသအရောက် လိုင်စင်တွေ လာရောက်ပြုလုပ်ပေးတဲ့အခါမှာ ဥပဒေနဲ့အညီ အရေးမယူ ခံထိရအောင် ယာဉ်မောင်းလိုင်စင် မပြုလုပ်ရသေးတဲ့သူတွေ ပြုလုပ်ကြပါ”ဟု ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ဆိုသည်။

ပြည်သူလူထုအနေဖြင့် မော်တော်ယာဉ်၊ ဆိုင်ကယ်များ မောင်းနှင်ရာတွင် ဥပဒေ စည်းကမ်းများနှင့် မောင်းနှင်ကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

Written by – ခေတ်မင်း

Leave a Reply