ရန်ကုန်၊ မေ

မြန်မာနိင်ငံ၏ မိုးလေဝသ အခြေအနေများတွင် ယခုရက်ပိုင်းအတွင်း အပူချိန် မြင့်တက်လာသဖြင့် ကလေးများနှင့် အသက်အရွယ် ကြီးရင့်သူများ အပူအန္တရာယ်ကြောင့် ဂရုစိုက်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်ထံမှ သိရှိရသည်။

နှစ်စဉ် မေလနှင့် ဧပြီလများတွင် အပူချိန် မြင့်တက်သည့်အပြင် လေထုတွင် ရေငွေ့များလည်း ရောနှောပါဝင်လာတတ်ပြီး လေအပူချိန်နှင့် ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းကို ခန္ဓာကိုယ်မှ ခံစားရသည့် အပူချိန်များသည် ခန္ဓာကိုယ်မှ ခံနိုင်ရည်ကို ကျော်လွန်လာကာ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိကြောင်း သိရသည်။

“လောလောဆယ်မှာ မုန်တိုင်းလည်း မပူရဘူး။ ရေကြီး၊ မိုးကြီးမှာလည်း မပူရဘူး။ မိုးတိမ်တောင်ကိုတောင် သိပ်စိတ်မပူရဘူး။ စိတ်ပူတာက ခံစားရတဲ့ အပူရှိန် မြင့်တက်လာတာပဲ။ အသက်အရွယ် ကြီးရင့်သူတွေ၊ လူမမယ် လေးတွေ၊ ရောဂါအခံရှိသူတွေ သတိထားကြပါ”ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။

သာမန်အားဖြင့် အမြင့်ဆုံးအပူချိန် အနည်းဆုံး (၂၈ ဒီဂရီ စင်တီဂရိတ်) အထက်နှင့် လေထု စိုထိုင်းဆ ၄၀ ရာခိုင်နှုန်း ကျော်လွန်လာပါက အပူအန္တရာယ်ကို သတိပြုနေထိုင်ရန် လိုအပ်နေပြီး အပူချိန် (၃၀ ဒီဂရီ စင်တီဂရိတ်) မှစ၍ စိုထိုင်းဆ ၉၀ ရာခိုင်နှုန်းကျော်သွားပါက အန္တရာယ်ရှိသည့် အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မေ ၄ ရက် နံနက် ၁၀ နာရီ ၂၂ မိနစ် တိုင်းတာခန့်မှန်းချက်များအရ အပူချိန်မြင့်တက်နေပြီး လေထဲတွင် ရေခိုးရေငွေ့များ ရှိနေသော်လည်း မိုးမရွာခြင်းကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် အပူအန္တရာယ်ကို သတိထားရန်လိုကြောင်း ဒေါက်တာ ဦးထွန်းလွင်ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

“ညနေပိုင်းတွေရောက်ရင် ရေငွေ့တွေက တိုးလာမယ်။ အပူချိန်တွေက ပိုမြင့်တက်လာမယ်။ ဒါဟာ ခံစားရတဲ့ အပူချိန်တွေ ညနေပိုင်းတွေမှာ မြင့်တက်လာတော့မယ့် Perfect condition သဘောပဲ။ ဒေသကိုလိုက်လို့ Exterme Danger ကို ရောက်လာဖို့ ရှိနေပါတယ်”ဟု ဒေါက်တာ ဦးထွန်းလွင်က ထပ်မံပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ မေ ၄ ရက်တိုင်းတာချက်များအရ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် (ရေဆင်း)၊ ကလေးဝမြို့၊ ရွှေဘိုမြို့၊ မုံရွာမြို့၊ ညောင်ဦးမြို့၊ ရမည်းသင်းမြို့၊ကျောက်ဆည်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အမ်းမြို့နှင့် တောင်ငူမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နေပြည်တော်၏ အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ အမြင့်ဆုံး အပူ ချိန်မှာ ၃၉ ဒီဂရီစင်တီဂရိတ် ဖြစ်ကြောင်း သိရသည်။

ကြယ်စင်လင်း (မြစ်မခ)

Leave a Reply