မော်လမြိုင်၊ မတ် ၂ ။ ။ ယခုလဆန်းပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီနှင့် ဘုရားသုံးဆူမြို့များရှိ ငွေကြေးစျေးကွက်များ၌ စျေးများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း မြဝတီမြို့အခြေစိုက် နိုင်ငံခြားငွေကြေးရောင်းဝယ်ရေး လုပ်ငန်းများထံမှ သိရသည်။

မြဝတီမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်း ဘတ်ငွေ ၂၈၈ဝ ဘတ်ပေါက် စျေး ရှိခဲ့ရာမှ မတ်လ ၂ ရက်နေ့တွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၉၂ဝ အထိ ကျဆင်းလျက် ရှိကြောင်း မြဝတီမြို့တွင် ထိုင်းဘတ်ငွေရောင်ဝယ်ရေးလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

bath“ဒေါ်လာဈေးကျလို့ ဘတ်ဈေးကျတယ်။ ပြီးခဲ့တဲ့လက ဘတ်ငွေတက်တာမရှိခဲ့ဘူး။ လကုန်တိုင်း ဘတ်ဈေး ကျတယ်။အရောင်းအဝယ်ပိုများတဲ့အတွက်ကြောင့် ဈေးကျတယ်”ဟု ၎င်းက ရှင်းပြသည်။

အမေရိကန်ဒေါ်လာစျေးမှာမူ ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်မြို့တော်ရှိ ပြင်ပငွေကြေးစျေးကွက်များတွင် တစ်ဒေါ်လာလျှင်ပေါက်စျေး ၁၂၄၅ ကျပ်ဝန်းကျင်ရှိရာမှ မတ်လဆန်းတွင် တစ်ဒေါ်လာလျှင် ၁၂၂၅ ကျပ်ဝန်း ကျင်သို့ ကျဆင်းလာကြောင်း အဆိုပါစျေးကွက်ပေါက်စျေးများအရသိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ခြင်းနှင့် လက်ရှိနိုင်ငံရေးအပြောင်းအလဲအခြေအနေကို စီးပွားရေး လုပ်ငန်းရှင် အချို့ကစောင့်ကြည့်၍ ပုံမှန်အနေအထားကိုသာ ထိန်းလုပ်နေကြခြင်းကြောင့် စျေးကွက်အတွင်း ဝယ်လိုအားနည်းလာကာ အမေရိကန်ဒေါ်လာစျေးများကျဆင်းလာခြင်းဖြစ်ကြောင်း ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက သုံးသပ်ပြောဆိုသည်။

လတ်တလောတွင် ဘုရားသုံးဆူစျေးကွက်၌လည်း ထိုင်းဘတ်ငွေစျေးမှာကျဆင်းလျက်ရှိပြီး ပြီးခဲ့သည့် လဆန်း က မြန်မာကျပ်ငွေ တစ်သိန်းကို ဘတ်ငွေ ၂၇၅ဝ ဘတ်ပေါက်စျေးရှိရာမှ မတ်လ ၂ ရက်နေ့တွင် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၈ဝဝ ဘတ်အထိကျဆင်းလာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန္တာကိုကိုထွန်း ကပြောဆိုသည်။

Leave a Reply