မော်လမြိုင်၊ မတ် ရ ။ ။ မွန်ပြည်နယ်အတွင်း နွေစပါးဝယ်ယူသိုလှောင်မှုကြောင့် ယခုလဆန်းမှစ၍
မော်လမြိုင်မြို့တွင် ဆန်စျေးများ ပုံမှန်ထက် မြင့်တက်လာကြောင်း
မွန်ပြည်နယ် ဆန်စပါးကုန်သည်များအသင်း၏ အတွင်းရေးမှူး ဦးစိုးမင်းက

ပြောကြားသည်။
rice
ဖေဖော်ဝါရီလအတွင်းက တစ်အိတ်လျှင် ကျပ်၂၄၀၀၀ သာစျေးရှိခဲ့သော
မွန်ပြည်နယ်မှထွက်သည့် တောင်ပျံ ဆန်အမျိုးအစားမှာ မတ်လ ရ ရက်နေ့တွင်
တစ်အိတ်လျှင် ၂၇၀၀၀ ကျပ် အထိမြင့်တက်လျက်ရှိကြောင်း မော်လမြိုင်မြို့ရှိ
အောင်သစ္စာဆန်ပွဲရုံထံမှ သိရသည်။

“စပါးဝယ်လက်တွေက ဒီနှစ်အတွက် စပါးလှောင်တာကြောင့် စပါးစျေးကတက်လာတယ်။
ကြိတ်ခွဲစက်ဆီ စပါးမရောက်တော့ ဆန်စျေးက မြင့်တက်လာတယ်။ အဲတော့အရင်က
ရောင်းတဲ့စျေးထက်ကွာနေလို့ ဆန်ကုန်သည်တွေဆီက ဆန်တွေ စျေးတက်သွားတယ်” ဟု
ဦးစိုးမင်းက ရှင်းပြသည်။

ထို့အတူ ရန်ကုန်မြို့မှ တင်သွင်းသည့် ပေါ်ဆန်းဆန်အချို့မှာလည်း
စျေးများမြင့်တက်လျက်ရှိပြီး ရွှေဘို ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၃၈၀၀၀ ကျပ်
မှ ၄၀၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း မော်လမြိုင်မြို့ရှိဆန်ကုန်သည်များက
ပြောဆိုသည်။

ထိုကြောင့် ဆန်လက်လီရောင်းစျေးများမှာလည်း တစ်ပြည်လျှင် ၂၀၀
ကျပ်ခန့်စျေးမြင့်တက်လာပြီး ယခင်က ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ၁၆၀၀
ကျပ်ဖြင့်ရောင်းချခဲ့ရာမှ ယခုအခါ ၁၈၀၀ ကျပ်ဖြင့်ရောင်းချနေရကြောင်း
မော်လမြိုင်မြို့ စျေးကြီးအနီးရှိ မင်းဖေ ဆန်ရောင်းဝယ်ရေးဆိုင်မှ သိရသည်။

ပေါ်ဆန်းဆန်များမှာ လတ်တလောတွင် ရန်ကုန်မြို့တော်ရှိ ဆန်ဒိုင်များတွင်ပါ
စျေးမြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းထံမှ
သိရသည်။

Leave a Reply