ထားဝယ်၊ မေ ၁၅

ထားဝယ် ခရိုင်အတွင်း လျှပ်စစ်ဓါတ်အားခတစ်ယူနစ်ဈေးနှုန်းကို ယခုလမှစတင်၍ ၂၅၀ကျပ်ဖြင့် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့တော်ခန်းမ တွင် မေလ ၁၅ရက်နေ့က ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးသူရအောင်က ပြောကြား သည်။

“မနေ့က အစည်းအဝေးမှာ လျှပ်စစ်တစ်ယူနစ်ကို ၂၅၀နဲ့ကောက်ဖို့ အတည်ပြုခဲ့ပါတယ်”ဟု ဦးသူရအောင် ကဆိုသည်။
ထို့အပြင် လမ်းမီးကိုလည်း မီတာတစ်လုံးလျှင် ၄၀၀ကျပ်ကောက်ခံရန်အဆိုပါအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူခြင်းလုပ်ငန်းလုပ်ကိုင်လျှက်ရှိသော GGS ကုမ္ပဏီ ကုမ္ပ စက်တင်ဘာလကုန်အထိလုပ်ကိုင်ခွင့်ပြုရန် သတ်မှတ်ထားပြီး ယင်းအကြားကာလတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူရေးတင်ဒါခေါ်မည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန်အတွက် အမြန်ဆုံးတင်ဒါခေါ်သင့်သည်ဟု ထားဝယ်အခြေစိုက်အရပ်ဖက်လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် လူထုအလင်းရောင်ကွန်ရက်မှ ဦးခင်မောင်သိန်း ကအကြံပြုပြောဆိုသည်။

“လျှပ်စစ်မီးပြဿနာ အခုတလောတော်တော်လေးကိုခံစားနေရပါတယ်ခဏခဏမီးပျက်တယ်၊ ခဏခဏမီးသေတယ်၊ ကျွန်တော်တို့လုပ်ငန်းလုပ်ဖို့်မလွယ်ကူပါဘူး၊ အဲဒီလိုပြဿနာရင်ဆိုင်မှုတွေ တော်တော်လေးကြုံနေ ရပါတယ်” တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ထားဝယ်မြို့နယ်ဥက္ကဌ ဦးဉာဏ်ရွှေက ဆိုသည်။

ယင်းသို့သော အခြေအနေကြောင့် လျပ်စစ်မီး ၂၄နာရီအချိန်ပြည့်ရရှိအောင် ကြိုးစားပေးရန် အဆိုပါတွေ့ဆုံပွဲတွင် ဦးဉာဏ်ရွှေက တောင်းဆိုသည်။

ယခင်အစိုးရလက်ထက်က ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ်လျှင် ၃၀၀ကျပ်ကောက်ခံခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ၂၂၀ကျပ်မှ ၂၀၀ ကျပ်အထိလျောချကောက်ခံခဲ့ရာမှ တိုင်းအစိုးရအဖွဲ့ထံ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသည့်

GGSကုမ္ပဏီမှ ရှုံးပေါ်နေသည် ဟု တင်ပြခြင်းကြောင့် ယင်းသို့ မီတာခဈေးနှုန်းတိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထားဝယ်ဒေသလျှပ်စစ်အရေးကို တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအပါအဝင် ၃၄ဦးဖြင့်ဖွဲ့စည်းထား သည့် ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြုဗဟိုကြီးကြပ်မှု ကော်မတီမှ ထားဝယ်လျှပ်စစ်ကိစ္စကို ကိုင်တွယ်လျက်ရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီး ၁၅မီဂါဝပ်ကျော် သုံးစွဲလျက်ရှိသည်။

တင့်လွင်

Leave a Reply