ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှု ကျပ်ငွေ သန်းတစ်သောင်းခန့်ခွင့်ပြု

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်တွင် ဇန်နဝါရီလအတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကျပ်သန်းတစ်သောင်းခန့်ခွင့်ပြုခဲ့သည်ဟု ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ငွေကျပ်သန်း ၂၃ဝဝ  ကျော် တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းတစ်ခုနှင့် သန်း ၂ဝဝဝကျော်တန်ဖိုးရှိယာဉ်ရပ်နားစခန်းတစ်ခု၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ်သန်း ၅ဝဝဝ ကျော်တန်ဖိုးရှိကျောက်ထုတ်လုပ်ငန်းတစ်ခု (လုပ်ငန်းအဟောင်း)
ကိုပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လုပ်ငန်းသုံးခုအနက် ဟိုတယ်လုပ်ငန်းသည် ဦးစားပေးမြှင့်တင်ရမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ (promoted sector) တွင် ပါဝင်သဖြင့်ဝင်ငွေခွန်ကင်းလွတ်ခွင့်ငါးနှစ်ရရှိပြီး ကျန်လုပ်ငန်းနှစ်ခုမှာဝင်ငွေခွန်ကင်းလွတ်ခွင့်မရကြောင်း ၎င်းကပြောသည်။

“Promoted sector  မှာပါတာက အများကြီးပဲ။ အဓိကတော့ အလုပ်အကိုင် အများကြီးရစေနိုင်မယ့်လုပ်ငန်းမျိုး၊ နည်းပညာရနိုင်မယ့် လုပ်ငန်းမျိုး၊နိုင်ငံခြားကိုအိတ်စ်ပို့ဦးစားပေးတဲ့ လုပ်ငန်းမျိုးတွေပေါ့” ဟုဦးမင်းသိန်းဦး က ပြောသည်။

ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများသည်အလုပ်အကိုင်အမြောက်အမြားမဖန်တီးနိုင်သော်လည်း နိုင်ငံလိုအပ်ချက်အရ များများ ဖိတ်ခေါ်လိုသဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးသည်ဟု ၎င်းကဆက်ပြောသည်။

ချောင်းဆုံနှင့်ကျိုက်မရောမြို့နယ်များတွင်ရင်းနှီးမြှုပ်နှံပါကဝင်ငွေခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်ပေးထားပြီးကျန်မြို့နယ်များတွင်ငါးနှစ်ပေးထားသည်ဟုဆိုသည်။

“အဲဒီမြို့နယ်တွေကို လာဖို့ဖိတ်ခေါ်တယ်ဆိုတာ တခြားထက် ပိုပြီးတော့ အခွင့်အရေးပေးထားတယ်လေ။ ပိုပြီးတော့ဖွံ့ဖြိုးစေချင်လို့” ဟု ၎င်းကပြောသည်။

ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ငါးသန်းအထက် လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ အတည်ပြုရသည်။ သို့သော်ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုကြီးမားသောလုပ်ငန်းများ၊ EIA အစီရင်ခံစာလိုအပ်သောလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ
ငါးသန်းအောက်ရှိစေကာမူMIC ကသာ ခွင့်ပြုပေးရသည်ဟု ဦးမင်းသိန်းဦးက ပြောသည်။

ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီစတင်ဖွဲ့စည်းသည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ စပြီးယနေ့အထိ ရင်းနှီးမြှုပ်နှံမှု ၁၃ ခုခွင့်ပြုခဲ့ကာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သုံးခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၁ဝ ခုပါဝင်သည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.