Advertisements

မော်လမြိုင်၊ အောက်တိုဘာလ

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း ယစ်မျိူးလိုင်စင်အသစ် လျှောက်ထားမှုများကို ခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

စက်တင်ဘာ၂၄ ရက်က ကျင်းပသော ၁၁ ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ယစ်မျိုးဥပဒေအရပြဋ္ဌာန်းထားသောလိုင်စင်နှင့်မြေပြင်တွင် လုပ်ငန်းများ ကိုက်ညီမှုရှိအောင် စီမံချက်အနေဖြင့် ဆောင်ရွက်ရန် ရှိ၊ မရှိ မေးခွန်းအပေါ် ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်နှစ်ထက် တစ်နှစ်လိုင်စင်တွေကို လျှော့ချခွင့်ပြုပေးခဲ့ပါတယ်၊ အခွန်လျာထားချက် လျော့နည်းမှုမရှိစေရေးအတွက် လိုင်စင်နှုန်းထားများကို နိမ့်ရာမှမြင့်ရာသို့ ပြောင်းလဲခြင်းကိုသာ ခွင့်ပြုချထားပေးပါတယ်”ဟု ၎င်းင်းက ပြောသည်။

ယခင်နှစ်က ယစ်မျိုးမူဝါဒအရ ခွင့်ပြုပေးထားသော လိုင်စင် ၁၉၇၄ ခု ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မော်လမြိုင်ခရိုင်၌ ၁၃ဝ၁ခု၊ သထုံခရိုင်၌ ၆၇၁ခု စုစုပေါင်း လိုင်စင် ၁၉၇၂ ခု ခွင့်ပြုပေးထားခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ယင်းအပြင် ယစ်မျိုးလိုင်စင် စည်းကမ်းဖောက်ဖျက်မှု ၇မှု၊ လိုင်စင်မဲ့အရက်ရောင်းချမှု ၄၄ မှုတို့အား အရေးယူဆောင်ရွက်ထားပြီး မြို့နယ်အသီးသီး၌ ဖွဲ့စည်းထားသော Task Force အဖွဲ့များမှ တရားမဝင် ယစ်မျိုးလုပ်ငန်းများ မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

“ယစ်မျိုးခွန်ကို ထွေအုပ်ဦးစီးဌာနက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ကောက်ခံရမှာဖြစ်ပါတယ်၊ ဥပဒေမှာ ပြဋ္ဌာန်းထားတာနဲ့ မြေပြင်မှာ လုပ်ကိုင်နေတာတွေက ကိုက်ညီမှုရှိမရှိကို စီမံချက်အနေနဲ့ ဆောင်ရွက်ရမှာပါ”ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

မြန်မာနိုင်ငံယစ်မျိုးအမိန့်ဆင့်ဆိုချက်အရ ယစ်မျိုးမူဝါဒတွင် သေရည်သေရက်ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင်ထုတ်လုပ်မှု၊ ရောင်းချမှု မရှိစေဘဲ အရက်များကို အခွန်ကြီးမြင့်နိုင်သမျှကြီးမြင့် ကောက်ခံရန်ပြဋ္ဌာန်းထားကြောင်း ၎င်းကပြောသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply