ယမန်နှစ်အတွင်း တရားမဝင်သစ်တန် ၁၀၀၀ကျော်ဖမ်းမိ

တပ်မတော်တိုက်ရေယာဉ် (၁၁၆)မှ ဒီဇင်ဘာလ ၁၁ရက် ကမြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သမီးလှကျွန်းအရှေ့တောင်ဘက်(၃ဒသမ၂)မိုင်ခန့်အကွာနေရာတွင်တရားမဝင်အခြားသစ်ခွဲသား၄၅ချောင်း(၅ဒသမ၂၁၉၆)တန်တင်ဆောင်ထားသော စက်လှေတစ်စီးနှင့်ဆက်စပ်ပစ္စည်းများအားတရားခံ (၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီးကျွန်းစုမြို့နယ်သစ်တောဦးစီးဌာနသို့ဒီဇင်ဘာလ၁၄ရက်နေ့ကလွဲှပြောင်းအပ်နှံခဲ့သည်။(သတင်းဓါတ်ပုံ- တိုင်းသစ်တော)

ထားဝယ် ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင် သုံးခုတွင် ၂၀၁၈ ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း တရားမဝင်သစ်တန် ၁၀၀၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းအနက် မြိတ်ခရိုင်အတွင်းမှ ဖမ်းဆီးရမိမှုမှာ ပမာဏအများဆုံးဖြစ်ကြောင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနထံမှ သိရသည်။
မြိတ်ခရိုင်အတွင်း သစ်ဖမ်းဆီးရမိမှုအခြေအနေအပေါ် “ရေတပ်ကနေပြီးတော့မှမိလို့အရေအတွက်ပိုများတယ်”ဟု တိုင်း သစ်တောရုံး လက်ထောက်ညွန်ကြားရေးမှူးဦးထွန်းညွန့်လှိုင်က ဆိုသည်။ မြိတ်ခရိုင်တွင်စက်လှေများဖြင့်ပင်လယ်ရေကြောင်းအသုံးပြု၍ သစ်များတရားမဝင်သယ်ဆောင်လာစဉ် တပ်မတော်(ရေ)က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၎င်းကပြောသည်။
ထားဝယ်ခရိုင်တွင် တရားမဝင်သစ် ၁၄၈ တန်ကျော်၊ မြိတ်ခရိုင်တွင် တန်၆၅၀ကျော်၊ကော့သောင်းခရိုင်တွင် တန်၂၁၀ နီးပါး၊ ပေါင်း ၁၀၀၈တန်ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဌာနမှတ်တမ်းအရ သိရသည်။
တရားမဝင်သစ်များကိစ္စနှင့်ပတ်သက်၍ စီမံချက်ရေးဆွဲ၍ ရှောင်တခင် လစဉ် လှည့်လည်စစ်ဆေးခြင်းအပြင် ပြည်သူလူထုအခြေပြုစောင့်ကြည့်သတင်းပို့စနစ်(CMRC)ဖြင့်လည်း ဆောင်ရွှက်လျက်ရှိကြောင်း အထက်ပါရုံး တာဝန်ရှိသူက ပြောသည်။
တိုင်းအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုမှာ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် တန်၂၃၇၀ ကျော်၊ နောက်ဘဏ္ဍာနှစ်တွင် တန် ၁၈၇၀ ကျော်ရှိကြောင်း ယင်းရုံးမှ သိရသည်။
ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်အပြီး ယခု လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာလ မှ ဒီဇင်ဘာလအတွင်း သုံးလတာကာလ၌ တနင်္သာရီတိုင်းအတွင်း တရားမဝင် သစ် ဖမ်းဆီးရမိမှုအခြေအနေမှာ ထားဝယ်ခရိုင်တွင် တန် ၄၀ နီးပါး၊ မြိတ်ခရိုင် တွင် တန် ၁၀၀ ကျော်၊ ကော့သောင်းခရိုင်တွင် ၆၅ တန်ကျော်၊ ပေါင်း တန်၂၀၀ ကျော် ဖမ်းဆီးရမိထားကြောင်း ထပ်မံသိရသည်။
တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.