ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရက် ၁ဝဝ စီမံချက်ဖြင့် မလုံလောက်ဟု လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်အစိုးရအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုများကို အရေးယူရန် ရက် ၁၀၀ စီမံချက်ဖြင့် လုပ်ဆောင်ရန် စီစဉ်မှုမှာ လုံလောက်မှု မရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သုံးသပ်ပြောဆိုသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးမှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒါကို တာဝန်တစ်ရပ်အနေနဲ့ အချိန်ပေးပြီး လုပ်ဖို့လိုတယ်။ တာဝန်ရှိတဲ့သူတွေက စဉ်ဆက်မပြတ်လုပ်ဖို့ ထပ်ခါထပ်ခါလုပ်ဖို့ ကျွန်မ အကြံပြုချင်ပါတယ်” ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

ဟင်္သာမီဒီယာနှင့် ဇန်နဝါရီ ၃ ရက်က တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
စည်းကမ်းထိန်းသိမ်း အရေးယူခြင်းကို နေ့စဉ်ရက်ဆက် ဆောင်ရွက်မှသာ ပိုမိုထိရောက်မည်ဖြစ်ပြီး မလိုက်နာသူများအတွက် အဟန့်အတားဖြစ်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ဆက်ခါဆက်ခါ ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းမဲ့မှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စည်းကမ်းမလိုက်နာသည့် ယာဉ်များကို ဇန်နဝါရီ ဒုတိယအပတ်မှစ၍ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ် ၁၀ မြို့နယ်တွင် တစ်ပြိုင်နက်တည်း ဖမ်းဆီး အရေးယူသွားမည်ဟု မွန်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက မီဒီယာများမှတဆင့် ဒီဇင်ဘာ ၂၇ ရက်တွင် အသိပေးခဲ့သည်။

စေတနာအမှားကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အားနည်းချက် ရှိကောင်းရှိမည်ဖြစ်ပြီး လိုအပ်သည့်အပိုင်းများကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများမှ အကြံဉာဏ်ပေးစေလိုကြောင်း ၎င်းကပြောသည်။

“တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေ လုပ်ငန်းအဆင်ပြေချောမွေ့အောင် ပြင်ဆင်ပေးနိုင်ဖို့ ဒီနေရာကနေ တစ်ခါတည်း ပြောလိုက်ချင်ပါတယ်။ နည်းနည်း ဝိုင်းဝန်းပြီးလေ့လာပေးပါ။ ကောင်းတဲ့အကြံဉာဏ်လေးတွေပေးပါ” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုထားသည်။

မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၁၈ နိုဝင်ဘာလထိ မှတ်ပုံတင်ထားသော ယာဉ် ၁၈၃၀၉ စီး၊ ဆိုင်ကယ် ၃၅၀၀၀၀ ကျော်နှင့် သုံးဘီးဆိုင်ကယ်(တုတ်တုတ်) ၆၉၂၂ စီး ရှိကြောင်း သိရသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.