ကျိုက်ထို ၊ ဇန်နဝါရီ ၄ ။ ။ ယာဉ်မတော်တဆမှုများ လျော့နည်းရန်အတွက် ဖေဖော်ဝါရီ ၄ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှူး ရဲအုပ် မင်းသူထံမှ သိရှိရသည်။
အဆိုပါဟောပြောပွဲကို ဖေဖော်ဝါရီလ၄ ရက်နေ့ နေ့လယ် ၁၁ နာရီတွင် ကျိုက်ထိုမြို့၊အ.ထ.က(၂)ကျောင်းဝင်း အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ယာဉ်မတော်တဆမှုတွေအများစုကို ပြန်လည်စီစစ်ကြည့်တဲ့အခါမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာ ၊မေးသိုင်းကြိုးမတပ်တာတွေ၊ အရက်သေစာသောက်စားပြီးဆိုင်ကယ်ကိုသတ်မှတ်နှုန်းထက် ပိုမောင်း တာတွေ မဆင်မခြင်မောင်းနှင်တာတွေ ကြောင့်ယာဉ်တိုက်မှုဖြစ်ပွားတာတွေ အများစုတွေ့ရတယ်” ဟု ရဲအုပ် မင်းသူက အဆိုပါဟောပြောပွဲတွင်ပြောဆိုသည်။
(ဓါတ်ပုံ အညွှန်း – ယာဉ်မတော်တဆမှု လျော့ကျရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ၄ ရက်နေ့
ကကျိုက်ထို အ.ထ.က(၂) ကျောင်းဝင်းအတွင်းပြုလုပ်စဉ် )
ယာဉ်မတော်တဆဖြစ်ပွားမှုလျော့နည်းစေရန်အတွက် တာဝန်ရှိသူများက စည်းကမ်းမရှိ၊မဆင်မခြင်မောင်းနှင် မှုများ ကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်လိုအပ်ပြီး ယာဉ်ထိန်းရဲ လုံလောက်စွာထားရှိရန်လို ကြောင်း ကျိုက်ထိုမြို့ဒေသခံများက ပြောဆိုသည်။
“အဓိက ကတော့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကို လမ်းပေါ်သွားနေတဲ့ သူတိုင်းသိအောင် ပညာပေး တွေလုပ်သင့်တယ်၊ ခုဟာကဆိုင်ကယ်ဦး ထုပ်တစ်မျိုးလောက်ပဲဖမ်းတာဆိုတော့သိပ်မထိရောက်ဘူး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဗဟုသုတ အားနည်း တယ်လို့မြင်တယ်”ဟု ဒေသခံ တစ်ဦးကပြောဆိုသည်။
ကျိုက်ထိုမြို့နယ်တွင်၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ငါးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိကြောင်း ယာဉ်ထိန်းရဲအုပ် မင်းသူကပြောဆိုသည်။
၂၀၁၅ ခုနှစ်အတွင်း ကျိုက်ထိုမြို့ပေါ်တွင် ယာဉ်မတော်တဆမှု ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၃ ဦး နှင့် ထိခိုက်ဒဏ်ရာရ သူ၁၅၉ ဦးရှိခဲ့ကြောင်း ယင်းမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ကထုတ်ပြန်ကြေညာထားသည်။