ချမ်းအေးလှသည့် ဆောင်းရာသီ၏ နေဝင်ပျိုးစ အချိန်တစ်ခု၌ မော်လမြိုင်မြို့ပေါ် လူသူအများစုမှာ အနားယူနေကြပြီ ဖြစ်သော်လည်း သံလွင်မြစ်ကမ်းနံဘေးရှိ ငါးဖမ်းလှေတစ်စီးအပေါ်မှ တံငါသည် ခြောက်ဦးမှာကား အအေးဒဏ်ကို မမှုပဲ ကိုယ်စီ အလုပ်ရှုပ်လျက်ရှိနေသည်။

ပင်လယ်ပြင်သို့ ထွက်ပြီး ငါးဖမ်းရသည့် ငါးဖမ်းလုပ်သားများ၏ အရေးကြီးသည့် အလုပ်များထဲမှ အသက်တမျှ အရေးအကြီးဆုံး အလုပ်ဟု တင်စားထားကြသည့် ရေငန်ပိုင်ဦးရှင်ကြီး နတ်ပင့်ပြီး စားသောက်ဖွယ်ရာများနှင့် ပူဇော်ပသရန် စီစဉ်နေခြင်းဖြစ်၍လည်း ထိုမျှအထိ အလုပ်ရှုပ်နေကြသည်။

ငါးဖမ်းလှေ၏ ပဲ့ထိန်းအဖြစ်တာဝန်ယူထားသည့် ဦးဝင်းညွန့်ကလည်း နတ်အဆင်တန်ဆာများဖြင့် တန်ဆာဆင်ထားသော ဦးရှင်ကြီးတင်မည့် လေးထောင့်နတ်စင်ကို လှေဦးတွင် မြဲအောင်ချည်ရင်း သံလွင်မြစ်မှ ဖြတ်တိုက်လာသည့် လေဒဏ်ကိုခံနိုင်မခံနိုင် စောင့်ကြည့်နေလေသည်။

ငါးဖမ်းစက်လှေပိုင်ရှင် ဦးထွန်းအောင်က နတ်တင်မည့် မုန့်ဆန်းများကို စလယ်ဝင်အိုးထဲတွင် သကြားများနှင့် သမအောင် ရောနယ်ရင်း “ဦးရှင်ကြီးက ရေပိုင်တယ်လေကွာ၊ အဲ့တော့ သူ့ကို ယုံယုံကြည်ကြည်နဲ့ တစ်လကို တစ်ခါလောက် လှေပေါ်မှာ တင်ပေးရတယ်၊ ဒါမှ လုပ်ငန်းကိုင်ငန်းအဆင်ပြေမှာပေါ့”ဟု ဆိုသည်။

ထိုစက်လှေနှင့် အတူယှဉ်တွဲရပ်ထားသည့် အနီးရှိအဖော်လှေများမှ တံငါသည်ကြီးများနှင့် ၎င်းတို့၏ သားသမီးများက လည်း ဦးရှင်ကြီးနတ်ပူဇော်ရာတွင် အတူပါဝင်ရန်အတွက် လှေပေါ်တွင်ရောက်ရှိနေကြပြီး အုန်းသီးခြစ်သူကခြစ်၊ ကွမ်းယာသူက ယာနှင့် စီစီညံနေကြသဖြင့် ကမ်းနားလမ်းပေါ်သွားလာနေသူတစ်ချို့ပင် စိတ်ဝင်တစားကြည့်ရှူနေကြသည်။

“ကိုယ်က ရေကြောင်းသွားတာဆိုတော့ တစ်လကိုတစ်ခါအနည်းဆုံးလုပ်ပေးရတယ်၊ တံငါသည်နဲ့ ဦးရှင်ကြီးက အမြဲဆက်စပ်နေတာပေါ့၊ မလုပ်ရင်ဘာမှမဖြစ်ပေမယ့် ကုသိုလ်ကံ မကောင်းတဲ့ အချိန်နဲ့ကြုံတဲ့အခါ ပိုဆိုးသွားမှာပေါ့၊ ဒါကလည်း အကူအညီတောင်းတဲ့သဘောပေါ့ကွာ”ဟု ဦးထွန်းအောင်က ဆိုသည်။

မောင်ငံရပ်ကွက် ကမ်းနားလမ်းပိုင်းတစ်လျှောက်တွင် ရပ်နားထားသည့် အဆိုပါစက်လှေများမှာ နယ်လှည့်ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် ကျိုက်ထိုမြို့နယ် တံငါရွာများမှာ တံငါသည်များ၏ စက်လှေများဖြစ်ကြပြီး မိုးကျပြီးသည့် စက်တင်ဘာလကုန်မှစ၍ နောက်တစ်မိုးမကျခင်အချိန်ထိ သံလွင်မြစ်အောက်ပိုင်းနှင့် ပင်လယ်ပြင်အတွင်း ငါးဖမ်းရန် ရောက်ရှိနေခြင်းဖြစ်သည်။

၎င်းတို့ကဲ့သို့ ပင်လယ်ပြင်အတွင်း ငါးဖမ်းရန် ရောက်ရှိနေသည့် လှေပေါင်း လေးဆယ်ဝန်းကျင်ခန့်ရှိပြီး လှေအများစုမှာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည့် စက်လှေငယ်လေးများသာ ဖြစ်ကြသည်။

လှေ၏ သုံးပုံတစ်ပုံကို လူတိုးဝင်ရုံဖြင့်နေလို့ရသည့် အခန်းတစ်ခု ဖွဲ့ထားပြီး ထိုအခန်းတွင် တံငါသည်များ အိပ်ကာ အခန်း၏ အပေါ်ထပ်ခိုးတွင် ရိက္ခာများနှင့် အချက်အပြုတ် ပစ္စည်းများကို ထားရှိပြီး ကျန်သည့် သုံးပုံနှစ်ပုံကိုတော့ ငါးဖမ်းကရိယာ တန်ဆာပလာများက နေရာယူထားသည်။

“ဒီလှေရဲ့ နာမည်က ကောင်းထက်ဇော်လို့ခေါ်တယ်၊ ငါ့မြေးလေး နာမည်ပေးထားတာပေါ့၊ ငါ့နာမည်ပေးလို့ရပေမယ့် လှေကို ငါ့မြေးလေးလိုချစ်တော့ ကောင်းထက်ဇော်ဆိုတဲ့နာမည်ပဲ အမြတ်တနိုး ပေးထားတာ”ဟု လှေပိုင်ရှင် ဦးထွန်းအောင်က လှေနံတစ်ဖက်ကို ပွတ်ရင်း ၎င်း၏လှေအတွက် ဂုဏ်ယူလေဟန်ဖြင့် ဆိုသည်။

မိသားစုဝမ်းစာအတွက် ဆွေစဉ်မျိုးဆက် လုပ်ကိုင်စားသောက်ခဲ့ကြသည့် ငါးဖမ်းလုပ်ငန်းကို ပင်လယ်ပြင်တွင် အသက်စွန့်၍ လုပ်ကိုင်နေကြသော်လည်း ယခုခေတ်ကာလအနေအထားအရ အသေးအဖွဲ့ကအစ ဈေးကြီးပေးမှ ဗိုက်ဝရုံမျှသာ ရှိသဖြင့် တံငါသည်အများစုမှာ ဒုက္ခပင်လယ်ဝေရင်းဖြင့်သာ ရုန်းကန်နေကြဆဲပင်။

“အလုပ်လုပ်ရတာလည်း အဆင်မပြေပါဘူးကွာ၊ တံငါသည်ဘဝတွေက တော်တော်လေးလည်း ဒုက္ခ သုက္ခ ရောက်တယ်၊ ဘာမှလည်း မထွန်းကားဘူး၊ ငါးဈေးကလည်းမတက်၊ ဝယ်တဲ့ကုန်ဈေးနှုန်းတွေကျတော့ တအား ဈေးတက်တယ်၊ ပင်လယ်ထဲမှာလည်း အသက်နဲ့ရင်းပြီး လုပ်ရကိုင်ရ တာတောင်မှ မြတ်တာထက် ရှုံးတာ ပိုများနေသလိုပဲ”ဟု ဦးထွန်းအောင်က နယ်ပြီးသွားသည့် မုန့်ဆန်းများကို လက်တစ်ဖဝါးစာ သံပန်းပြားထဲသို့ ထည့်ရင်းညည်းငြူပြောဆိုသည်။

ငါးဖမ်းစက်လှေအများစုမှာ ပုံမှန်အားဖြင့် မနက်အာရုံခင်း ဒီရေတက်ချိန်တွင် ကမ်းမှခွာကြပြီး နေ့လည် ၁၂ နာရီအချိန် ပင်လယ်ပြင်သို့ ရောက်ရှိကာ ထိုနေ့မှစ၍ တစ်ပတ်၊ ဆယ်ရက်လုံးလုံး ငါးဖမ်းခြင်း အမှုကို ဆောင်ရွက်ကြလေ့ရှိသည်။

နေအိမ်မှ သားမယားများကိုခွဲခွါကာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်လာသည့် တံငါသည်များ၏ အလုပ်မှာလည်း လွယ်လှသည်တော့မဟုတ်။

နေပူလျှင်လည်း နေပူသည့် အလျောက် အရိပ်အာဝါသ ကင်းမဲ့သည့် ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်ဆွဲတန်လည်း ဆွဲရ၏၊ အေးလျှင်လည်း အေးသည့်အလျောက် ရေခဲတမျှအေးမြသည့် ပင်လယ်ရေအောက်သို့ ငုပ်တန်လည်း ငုပ်ရ၏။ ပင်လယ်ပြင်တွင် ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်ပြီး မုန်တိုင်းဖြစ်လျှင်လည်း မိမိအသက်ကို ဖက်နှင့် ထုပ်ကာ မုန်တိုင်းဒဏ်ကို အလူးအလဲခံစားကြရ၏။

“ပင်လယ်ပြင်မှာရှိနေတဲ့အချိန် မိုးလေကျပြီး မုန်တိုင်းဖြစ်ရင်တော့ ကြောက်ရတာပေါ့၊ ပုံမှန်အတိုင်းဆိုရင်တော့ ကိစ္စမရှိပါဘူး၊ လှေတွေက ပင်လယ်ထဲမှာ တစ်စီးနဲ့ တစ်စီး ရှူပ်နေတာလေ၊ အားလုံးနီးနီးကပ်ကပ်ပဲဆိုတော့ အခက်အခဲဖြစ်ရင် ကူညီဖော်တော့ရတာပေါ့”ဟု ကောင်းထက်ဇော် ငါးဖမ်းစက်လှေ၏ ပဲ့နင်း ဦးဝင်းညွန့်က ဆိုသည်။

ပင်လယ်ပြင်တွင် နေထိုင်ချိန်အတွင်း၌လည်း အပြောအဆို၊ အနေအထိုင်အပြုအမူများကို ဆင်ခြင်ကြရသည်။ လူပေါင်းစုံသည့်အတွက် အမှားအယွင်းများလည်း ပြုတတ်ကြသည်ဖြစ်ရာ ထိုအမှားများကို ရေငန်ပိုင် ဦးရှင်ကြီးကိုသာ ပင့်မြှောက်၍ ဝန်ချတောင်းပန်ကြရသည်။

“လူမျိုးစုံတော့ အမှားတွေလည်းလုပ်မိတတ်ကြတာပေါ့၊ မမှားဘူးဆိုတာတော့မရှိဘူး၊ ကိုယ့်ဘက်ကမူးရူးပြီး မပြောအပ်တဲ့ဟာတွေပြောမိရင် ချက်ခြင်းဝန်ချတောင်းပန်ရတာပဲ” ဟု တံငါသည်တစ်ဦးဖြစ်သူ ဦးမိုးဒီက ဆိုသည်။

ပင်လယ်ပြင်တွင် ငါးပုတ်သင်(ငါးပြက်)များကို အဓိကဖမ်းဆီးရရှိပြီး သတ်မှတ်ထားသည့် ပမာဏပြည့်သည့် အချိန်ထိ ဖမ်းဆီးကြကာ များသောအားဖြင့် ရေခဲပုံးကြီး ငါးပုံးမှ ရှစ်ပုံးအထိ ပင်လယ်ပြင်မှရရှိတတ်ကြသည်။ ဖမ်းဆီးရမိသည့်ငါးများကို ကမ်းနားလမ်းရှိ ရေထွက်ကုန်ပစ္စည်းဝယ်ယူသည့် လင်းရောင်နီကုမ္ပဏီသို့ ပေးသွင်းပြီး တစ်ခါသွင်းလျှင် ငါးသိန်းမှ ဆယ်သိန်းထိရလေ့ရှိသည်။

ထိုကဲ့သို့ အဆင်ပြေသည့်အခါ တော်သေးတော်လည်း ဆိုးသွမ်းပြီး အချိန်နှင့် အမျှ မူးယစ်သောက်စားနေသည့် အလုပ်သမားရလျှင်မူ အလုပ်ရှင်များက တစ်ပူပေါ်နှစ်ပူဆင့်ကာ ပြဿနာများကို နောက်က လိုက်ရှင်းရလေ့ရှိသည့်အတွက် ရသည်နှင့်မကာမိကြသည့်အခါလည်းရှိသည်။
ပြီးခဲ့သည့်လ ဇန်နဝါရီလအစပိုင်း ငါးဖမ်းထွက်စဉ်က လှေနှင့်လိုက်လာသည့်အလုပ်သမားများထဲမှ အရက် အလွန်အကျွံသောက်တတ်သည့် အလုပ်သမားတစ်ယောက်မှာ အရက်ကြောင်ပြီး သွားနေသည့်စက်လှေထက်မှ ခုန်ချခြင်းမျိုးလည်းဖြစ်ခဲ့ပြီး အလုပ်လည်းပျက်သွားသည်။

ထိုအလုပ်သမားကို ချက်ခြင်းပြန်ဆယ်၍ လှေပေါ်၌ကြိုးများဖြင့်တုပ်နှောင်ပြီး ကမ်းသို့ချက်ခြင်းပြန်ကပ်နိုင်သဖြင့် သာတော်သွားသော်လည်း ယင်းကဲ့သို့အလုပ်သမားကြောင့် အရင်းအနှီး ဆုံးရှူံးရသည့် အခေါက်ပေါင်းလည်း မနည်းလှကြောင်း ဦးထွန်းအောင်က ဆိုသည်။
“အလုပ်သမားတွေမှာ အရက်သမားတွေလည်းပါတော့ တစ်ခါတစ်လေမမြတ်လို႔စိတ်ဆင်းရဲရတာတစ်မျိုး၊ အလုပ်သမားတွေ ဗွေဖောက်လို့ စိတ်ဆင်းရဲတာက တစ်မျိုးနဲ့ အဆင်မပြေဘူး၊ အရက်သမားလည်း မငှားလို့မှ မရတာ၊ မူးလည်းငှား ရူးလည်းငှားဖြစ်နေတယ်” ဟု ဦးထွန်းအောင်က ၎င်းကြုံတွေ့နေရသည့် အလုပ်သမားပြဿနာများကိုပြောပြသည်။

လှေလိုက်သည့် ငါးဖမ်းအလုပ်သမားတစ်ဦးကို လစာနှုန်းထားအနေဖြင့် တစ်လလျှင် ငွေကျပ် တစ်သိန်းနှင့် ၎င်းတို့အဆင်ပြေစေရန်အတွက် နေစရိတ်စားစရိတ်မှ အစအကုန်အကျခံထောက်ပံ့ပေးရပြီး မိမိ၏လူရင်းမပျောက်အောင်ထိန်းထားရကြောင်း ဦးထွန်းအောင်က ဆိုသည်။
ထိုသို့ ပြဿနာမျိုးစုံကြုံတွေ့နေရသော်လည်း မိရိုးဖလာအလုပ်ဖြစ်၍တစ်ကြောင်း၊ အရင်းအနှီးများစွာကုန်ကျခံပြီးမှ ရပ်နားလိုက်ရခြင်းမဖြစ်လို၍ တစ်ဖုံ စသောအကြောင်းကြောင်း ကြောင့် ငါးဖမ်းလုပ်ငန်းကိုလက်လွှတ်ရန်အတွက် အားမထုတ်နိုင်ကြခြင်းလည်းဖြစ်သည်။

“လှေသမားတွေအခက်အခဲမဖြစ်အောင် အဖရေငန်ပိုင်ဦးရှင်ကြီးကပဲ ကယ်နိုင်မှာ၊ ဒါကြောင့် ကိုယ့်လှေကို စောင်မကြည့်ရှူ့ပေးဖို့ တစ်လတစ်ခါပုံမှန် ဦးရှင်ကြီးတင်နေတာပေါ့” ဦးထွန်းအောင်က အလုပ်သမားများကမ်းပေးသော ဆွမ်းကွမ်းအပြည့်ပါသည့် ပန်းကန်ငယ်ကိုလှမ်းယူကာ လေးထောင့်စင်ထက်သို့ တင်ရင်းဆိုသည်။

ဆွမ်းခွက်အတွင်း မုန့်ဆန်း၊ ငှက်ပျောသီး၊ ထန်းလျက်ခဲ၊ အုန်းသီး၊ ကွမ်း တို့ပါဝင်ပြီး ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ပန်းကန်ငယ်အတွင်း စုံစုံလင်လင်ရှိလှသည်။

သတ်မှတ်ထားသည့် ဆွမ်းအရည်အတွက်ကလည်း ပြည့်သွားပြီဖြစ်သဖြင့် လှေပေါ်ရှိနေသူအားလုံးက စင်တည်ရှိရာ လှေဦးဘက်သို့မျက်နှာမူကာ လက်အုပ်ချီထားပြီး လှေသူကြီး၏ ဦးရှင်ကြီးနတ်ပင့်ကန်တော့ချိုးဆိုမည့်အသံကို နားစွင့်နေကြသည်။

၏လှေပေါ်၌ ရေငန်ပိုင်ဦးရှင်ကြီးနတ်ပင့်ရာတွင် ကုန်းပေါ်ရပ်ရွာများ၏ ဓလေ့ထုံးစံအတိုင်းနတ်ပင့်သည်နှင့် မတူပဲ အခြားရေနှင့် သက်ဆိုင်သည့် နတ်များကိုလည်း ပင့်ဖိတ်ရသဖြင့် ဆွမ်းပွဲအရေအတွက်က ၁ဝ ပွဲမှ ၁၈ ပွဲအထိပါလေ့ရှိသည်။

ကောင်းထက်ဇော်စက်လှေတွင် ကန်တော့ရာမူ ဦးရှင်ကြီးအတွက် ဆွမ်းပွဲအပြင် ဖက်စိမ်းမောင်နှမ၊ ဆိုင်ရာပိုင်ရာ အဘိုးနတ်များ၊ အဘငါးရွဲ၊ လမိုင်းနတ်၊ စက်ကိုစောင့်သည့် ကိုကြီးကိုလေးနတ်၊လှေကိုစောင့်သည့်နတ်၊ မြို့စောင့်နတ်၊ တောင်စောင့်နတ် စသဖြင့် ဆွမ်းပွဲအရေအတွက် ၁၈ ပွဲပါရှိသည်။

“အဖဦးရှင်ကြီးနတ်တစ်မျိုးတည်းမကပဲနဲ့ ဆိုင်ရာပိုင်ရာတွေကို အားလုံးပင့်ဖိတ်ရတယ်၊ ကိုယ့်မှာ အရေးအကြောင်းဖြစ်လာရင် သူတို့နဲ့ပဲတိုင်ပင်ရတာလေ၊ ကိုယ့်လှေပင်လယ်ထဲ အန္တရာယ်တွေကနေ လွတ်အောင် သူတို့ကပဲ ကယ်မှာကိုး” ဟု ဦးထွန်းအောင်က ကန်တော့ချိုးမစခင် ရှင်းပြသည်။

ထို့နောက် ဦးထွန်းအောင်က ဦးရှင်ကြီးနတ်ပင့်မှ အစချီ၍ လှေသမားများယုံကြည်စွာကိုးကွယ်ကြသည့် ဆိုင်ရာပိုင်ရာနတ်များကို ပင့်ဖိတ်ကာ ဆွမ်းပွဲများကို တစ်ပွဲချင်းမြှောက်ပြီး ပင့်ဖိတ်ပူဇော်ကြသည်။
ဆယ်မိနစ်ခန့်ပူဇော်ပြီးကြပြီးနောက် စင်ပေါ်တင်ထားသည့် ဆွမ်းပွဲများနှင့် စင်အောက်က ဆွမ်းပွဲများကို စွန့်ပြီး လှေပေါ်မှ လူကြီးမှ အစကလေးများပါမကျန် ဝေငှပေးပြီး ဝဝလင်လင်စားသောက်စေသည့်အပြင် ဘေးနားရှိလှေများသို့လည်း မုန့်ဆန်းများကို သွားရောက်ပို့ပေးကြသည်။

“ စားကြဟေ့၊ စားကြ၊ အန္တရာယ်ကင်းတယ်၊ လာဘ်ရွှင်တယ်နော်၊ စားပြီးရင်လည်း ငါးများများရပါစေလို႔ဆုတောင်းပေးကြ၊ ပိုက်ဆံလည်း များများရပါစေလို့ ဆုတောင်းကြဟေ့” ဟု ကွန်ပစ်သမား ဦးမိုးဒီက လှေပေါ်ရှိလူအားလုံးကို ဖိတ်ခေါ်ပြီး ကိုယ်တိုင်လည်း စားသည်။

ပင်လယ် ပျော်ငါးဖမ်းလုပ်သားတို့၏ ရေငန်ပိုင်ဦးရှင်ကြီး ပင့်ဖိတ်ပူဇော်ပွဲကား အောင်မြင်စွာပြီးမြောက်သွားပြီဖြစ်သည်။ လှေပေါ်မှ တံငါသည်များ၏ ရင်ထဲမတွင်တော့ နောက်နေ့နံနက်ထွက်မည့် ပင်လယ်ပြင်ငါးဖမ်းခရီးတွင် နဂိုကထက် ငါးပိုမိုရရှိမည်ဟူသော ယုံကြည်မှုဖြင့် ပီတိဖြစ်နေကြလေသည်။

Written by – ဖိုးဝ

Leave a Reply